ယနေ့ အွန်လိုင်းပေါ်မှာလူပြောများနေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ SSPP/SSARMY ဝတ််စုံ ဝတ်ဆင်ရတဲ့ အကြောင်းရင်း ပြောပြီ

News


စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေချိန် SSPP က သင်ဇာဝင့်ကျော်ဖြင့် ဒေသဖွံ့ဖြိုးရေး မှတ်တမ်းရုပ်ရှင်ရိုက်

ဝမ်ဟိုင်း၊ ဇူလိုင် (၄)

လူငယ့်ခေတ်

စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA က နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်ကို ဒေသဖွံ့ဖြိုးရေးအတွက် မှတ်တမ်းရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းခဲ့ကြောင်း SSPP က ယနေ့ထုတ်ပြန်လိုက်သည်။

သင်ဇာ၀င့်ကျော် အနေဖြင့် ရှမ်းပြည်တောင်ပိုင်း ၀မ်ဟိုင်းဌာနချုပ်သို့ ရောက်ရှိနေခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက် ပါ၀င်ခြင်းမရှိဟု ဆိုသည်။

၎င်းသည် SSPP / SSA ၏ ဖိတ်ကြားချက်ဖြင့် ရှမ်းပြည်တောင်ပိုင်းရှိ ဟိုက်ပါရေတံခွန်နှင့် ၀မ်းဟိုင်းဒေသဖွံ့ဖြိုးရေးအတွက် မှတ်တမ်းရုပ်ရှင်ရိုက်ကူးရန် ရောက်ရှိနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သင်ဇာ၀င့်ကျော်သည် ဇူလိုင်လ (၃) ရက်နေ့တွင် SSPP စစ်၀တ်စုံဖြင့် SSPP / SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု၏ သမီးဖြစ်သူ၏ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့သည်ဟု ‌ဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။

“ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ရိုက်ကူးခဲ့ပါသည်၊ ရိုက်ကူးရေးအပြန်တွင် ရိုက်ကူးရေး ဝတ်စုံဖြင့်သာ မင်္ဂလာညစာစားပွဲကို အချိန်မှီတက်ရောက် ချီးမြှင့်ပေးခဲ့ရသည်ကို သတို့သားသတို့သမီး မိသားစုကလည်း အထူးကျေးဇူးတင်ရှိပါကြောင်းဖော်ပြ အပ်ပါသည်”ဟု SSPP ဖြေရှင်းထားသည်။

ယမန်နေ့ ဇူလိုင်လ (၃) ရက်ညပိုင်းတွင် SSPP စစ်ယူနီဖောင်းဖြင့် ၀မ်ဟိုင်းဌာနချုပ်ရှိ မင်္ဂလာဆောင်အခမ်းအနားတစ်ခုသို့ တက်ရောက်လာသည့် သင်ဇာ၀င့်ကျော်၏ ဓာတ်ပုံများ လူမှုကွန်ရက်၌ ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကိုထောက်ခံသည့်အုပ်စုက စစ်တပ်နှင့် တိုက်ပွဲဖြစ်နေသည့် SSPP အဖွဲ့နှင့် ပတ်သက်‌နေသည့် သင်‌ဇာ၀င့်ကျော်ကို ဖမ်းဆီးအရေးယူရန် အင်တာနက်စာမျက်နှာ၌ ရေးသားဖော်ပြခဲ့ကြသည့်နောက် SSPP က ယခုကဲ့သို့ ထုတ်ပြန် ကြေညာခဲ့သည်။

“လူတွေကလဲနော် အကျိုးအကြောင်းသေချာ မသိပဲလျှောက်ရေးလျှောက်တင် နေကြတာ မှန်လားမှားလားမသိပဲ အကျိုးအကြောင်းသေချာမစုံစမ်းပဲ ထင်ရာမြင်ရာတွေစွတ်ပြောနေကြတာ မရှက်တတ်ကြဘူးလား”ဟု သင်ဇာဝင့်ကျော်ကလည်း ယနေ့ရေးသားထားသည်။

စစ်ကောင်စီတပ်နှင့် SSPP / SSA တပ်တို့သည့် ဇူလိုင်လ (၁) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့အဖွဲ့ဝင်များရှိသည့် နေရာအနှံ၌ တိုက်ပွဲများ ထပ်မံဖြစ်လာနိုင်ကြောင်း SSPP က တုံ့ပြန်ထားသည်။

SSPP သည် ဧပြီလကုန်ပိုင်း အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ဖိတ်ခေါ်ထားသည့် ဆွေးနွေးပွဲသို့တက်ရောက်ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်ထိ ဆွေးနွေးမှုမရှိသေးပေ။

ဓာတ်ပုံ – SSPP က ဖြေရှင်းချက်ဖြင့် ထုတ်ပြန်ခဲ့သည့် သင်ဇာဝင့်ကျော်တက်ရောက်ခဲ့သည့် မင်္ဂလာပွဲပုံ

</

Leave a Reply

Your email address will not be published.