“စစ်ကောင်စီတပ်ကို အထိနာစေသည့် မှန်ပြောင်းတပ်ရိုင်ဖယ်နှင့် PDFတပ်သား”

News


<

ရှမ်းပြည်တောင်ပိုင်း PDF တို့၏ မှန်ပြောင်းတပ်ရိုင်ဖယ်သည် စစ်ကောင်စီတပ်ကို အထိနာစေသည့် လက်နက်ဖြစ်လာသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတို့ သေဆုံးရခြင်းမှာ မှန်ပြောင်းတပ်ရိုင်ဖယ်နှင့် ပစ်ခတ်ခံရခြင်းကြောင့်ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း လွယ်မကူးတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇွန်လ ၁၀၊ ၂၃ နှင့် ၂၉ ရက်နေ့တို့တွင် စနိုက်ပါ ခေါ် မှန်ပြောင်းတပ်ရိုင်ဖယ်ဖြင့် ပစ်ခတ်ရာ ၁၅ ဦး ထိမှန်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက ပြောသည်။

“(၁၀ ရက်နေ့က) ၈ ယောက် သေဖို့များတယ်။ အဝေးကကြည့်တော့ တချို့ဆို နေ့ပိုင်း အလောင်းမကောက်ဘူး” ဟု ၎င်းက ဆိုသည်။ “(ကျွန်တော်တို့) နေ့တိုင်းချောင်းနေတာ၊ တွေ့တာနဲ့ ပစ်တယ်။ ခုလည်းပစ်နေတာ” ထိုဒေသ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

လွယ်မကူးတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ သွားရောက်စဉ် ပစ်ခတ်ခံနေရခြင်းဖြစ်သည်ဟု PDF က ပြောသည်။

စစ်တပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် တောင်ပို့ကြီးရွာတွင် မူလတန်းစာသင်ကျောင်းအဆောက်အအုံ ပျက်စီးခဲ့သည်။စစ်တပ်က လက်နက်ကြီးနှင့် ရမ်းသန်းပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ရွာထဲတွင် လူမရှိသဖြင့် အရပ်သားများ ထိခိုက်မှုမရှိကြောင်း၊ လက်ဖြောင့်တပ်သားများလည်း ထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ဒေသတွင်းတိုက်ပွဲအတွင်း ဖယ်ခုံ PDF လက်ဖြောင့်တပ်သားတို့၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ကိုင်တွယ်ပစ်ခတ်သူ လုံခြုံမှုရှိခြင်း၊ ကျည်အကုန်အကျသက်သာခြင်း၊ ရန်သူကို အထိနာစေခြင်း စသည့် အားသာချက်များရှိသော မှန်ပြောင်းတပ်ရိုင်ဖယ်များ ဒေသအသီးသီးရှိ PDF အဖွဲ့တချို့အပါအဝင် ဒေသအခြေစိုက် ကရင်နီတပ်ဖွဲ့ဝင်များပါ ကိုင်ဆောင်နေကြောင်း အွန်လိုင်းတွင် တွေ့ရသည့် ဓာတ်ပုံအထောက်အထားများအရ သိရသည်။

လတ်တလော တိုက်ခိုက်မှုများ

ဖယ်ခုံတွင်သာမက ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကရင်နီတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဇွန် ၃၀ နံနက်ပိုင်းက လွိုင်ကော်မြို့ အရှေ့တောင်ဘက် ၁၂ မိုင်ကျော်အကွာရှိ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ် (၂) စခန်း သွားသည့် လမ်းပေါ်တွင် ရိက္ခာပို့သည့် စစ်တပ်ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“ကားပေါ်မှာ ပါလာတဲ့ လူသုံးယောက် ပွဲချင်းပြီးသေတယ်။ နောက်ပြီးတော့ ဆိုင်ကယ်နဲ့ လာကြည့်တဲ့ တစ်ယောက်ကလည်း ထပ်ပြီး တိုက်ခိုက်ခံရတော့ (စုစုပေါင်း) လေးဦး သေဆုံးတယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူများမှာ တပ်ရေးဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦးဖြစ်ကြောင်း၊ ပစ်ခတ်မှု ပြီးပြီးချင်း KNDF တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထိတွေ့တိုက်ပွဲမှာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး ၉ မမ ပစ္စတိုတစ်လက်၊ ကျည် ၁၂ တောင့်နှင့် ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ KNDF ဘက်က ထိခိုက်မှုမရှိကြောင်း KNDF က ယမန်နေ့ (ဇွန် ၃၀) တွင် ထုတ်ပြန်သည်။

ထို့ပြင် လွိုင်ကော်မြို့မြောက်ဘက် ရှမ်း-ကယား နယ်စပ်အနီး လွိုင်လင်လေးမြို့တွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇွန်လ ၂၈ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း ရှမ်းတောင်အမှတ် ၁၀၀၅ တပ်ရင်း (SS PDF 1005) က ဆိုသည်။

လွိုင်လင်လေးမြို့ ထီးစဲခါးကျေးရွာအုပ်စု ကွန်နားရွာခံ အမျိုးသားတစ်ဦးကလည်း ဇွန် ၂၇ က စစ်ကြောင်းထိုးလာသော စစ်တပ်ကြောင့် ၎င်းတို့အပါအဝင် ၁၀ ရွာထက်မနည်းမှ ဒေသခံများ ထွက်ပြေးကြရကြောင်း ပြောသည်။

စစ်သားများသည် ထီးစဲခါးကျေးရွာအုပ်စု ကျိုင်းတုံရွာတွင် ကုန်စုံဆိုင်နှစ်ဆိုင်ကို ဖောက်ထွင်းကာ ပစ္စည်းများ​ယူငင်သွားကြောင်း ၎င်းက ပြောသည်။“အခြေအနေက နည်းနည်းပြန်အေးလာပြီ။ (အိမ်) ပြန်နေကြပြီ။ အကုန်လုံးတော့ ပြန်မလာသေးဘူး။ နည်းနည်းပါးပါးပဲ ပြန်လာသေးတယ်။ ဒီနေ့မှ စပြန်ကြတာပါ” ဟု ၎င်းက ပြောသည်။စစ်သားများ ပစ္စည်းခိုးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

စစ်တပ်ကို ရိက္ခာဖြတ်ရေး

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှစ၍ လွိုင်လင်လေးမြို့အနီးဝန်းကျင် စစ်ကြောင်းထိုးသည့် စစ်တပ်နှင့် ကရင်နီတပ်များ တိုက်ပွဲဖြစ်ပြီး ကျေးရွာနေအိမ်များ မီးရှို့ဖျက်ဆီးခံရသည်။နောက်ပိုင်းတွင်လည်း မကြာခဏ စစ်ကြောင်းထိုးသဖြင့် ရွာသားများ ထွက်ပြေးရကြောင်း၊ ကလေးနှင့် အမျိုးသမီးများကိုမူ တောထဲရှိ စစ်ရှောင်စခန်းသို့ ပို့ထားကြောင်း အထက်ပါ ရွာသားက ပြောသည်။

ကရင်နီကာကွယ်ရေးတပ်ဖွဲ့များက စစ်ဇုန်အဖြစ် သတ်မှတ်ထားသော ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ရွာတွင်လည်း စစ်ကောင်စီတပ်က တပ်စွဲနေထိုင်နေသည်မှာ ၅ လခန့် ကြာမြင့်လျက်ရှိသည်၊ စစ်တပ်ကို ရိက္ခာဖြတ်တောက်မည့် တိုက်ပွဲများ ရှိသောကြောင့် ထိုရွာကို မည်သူမျှ သွားလာခြင်းမပြုရန် မိုးဗြဲ PDF က ဇွန် ၂၈ တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

ဇွန်လ တစ်လလုံးတွင် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲ အကြိမ် ၃၀ ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၂၅ ဦး သေဆုံးခဲ့ကြောင်း၊ စစ်တပ်၏ မီးရှို့မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၁၂ လုံးနှင့် ဘာသာရေးအဆောက်အအုံ ၂ လုံး ပျက်စီးခဲ့ကြောင်း KNDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံ နှစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ထံမှ သိရသည်။

Crd

</

Leave a Reply

Your email address will not be published.