နိုင်ငံခြားသုံးငွေ မလိုအပ်ဘဲ ပြည်ပကို စီးထွက်မှုအပေါ် တားဆီးနိုင်ဖို့ စနစ်တကျ စိစစ်ကြပ်မတ်နေတယ်လို့ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြာသာပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းဖြေကြားခဲ့ပါတယ်။
‘‘ပြည်တွင်းသုံးစွဲရန် လိုအပ်တဲ့ ကုန်ပစ္စည်းများ ပြည်ပကနေ ဝယ်ယူတင်သွင်းခြင်းတို့အတွက် နိုင်ငံတော်အတွက် အခြေခံ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းများကို ဦးစားပေး စိစစ်ခွင့်ပြုလျက်ရှိပါတယ်။ တစ်ချို့သော ကုန်ပစ္စည်းများကိုတော့ ကန့်သတ်ထားတာ ရှိပါတယ်’’လို့ ဆိုပါတယ်။
နိုင်ငံခြားသုံးငွေများကို နိုင်ငံတော်ရဲ့ လိုအပ်ချက်အတိုင်း အပြည့်အဝသုံးစွဲနိုင်ရေးအတွက် စနစ်တကျ စိစစ်ကြပ်မတ်နေတာကြောင့် ဇိမ်ခံပစ္စည်းကဲ့သို ကုန်ပ စ္စည်းတင်သွင်းမှုတွေကို စိစစ်ကန့်သတ် ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။
‘‘သွင်းကုန်လိုင်စင်လျှောက်ထားမှုအပေါ်မှာ ကုန်ပစ္စည်းတန်ဖိုးပေးချေရန် လိုအပ်တဲ့ နိုင်ငံခြားသုံးငွေ လဲလှယ်လွှဲပြောင်းခွင့်ရရှိရေးအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီကို တင်ပြပြီး ခွင့်ပြုချက်ရရင်တော့ သွင်းကုန်လိုင်စင် ထုတ်ပေးလျက်ရှိပါတယ်’’လို့ ဆိုထားပါတယ်။
ကော်မတီရဲ့ အစည်းအဝေးကို တစ်ပတ်လျင် နှစ်ကြိမ်ပြုလုပ်နေပြီး ပြည်တွင်းသုံးစွဲရန် လိုအပ်တဲ့ ကုန်ပစ္စည်းများ ပြည်ပက ဝယ်ယူတင်သွင်းခြင်းတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းများကို ဦးစားပေး စိစစ်ခွင့်ပြုလျက်ရှိတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မိမိတာဝန်ယူချိန် မလိုအပ်တဲ့ ပစ္စည်းများ တင်သွင်းမှုကို ထိန်းသိမ်းကြပ်မတ်ခဲ့တာကြောင့် ၂၀၂၁ ဖေဖေါ်ဝါရီမှ ၂၀၂၂ မေလအထိ ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၁၁၄၀ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ ပြောထားပါတယ်။
crd.