PDF များ လက်နက်စွန့်လျှင် ကြိုဆိုမည်ဆိုခြင်းသည် နည်းလမ်းပြောင်း အချိုသတ်ခြင်းဖြစ်သည်ဟု NUG ကာကွယ်ရေးအတွင်းဝန် ပြော

News

PDF များ လက်နက်စွန့်လျှင် ကြိုဆိုမည်ဆိုခြင်းသည် နည်းလမ်းပြောင်း အချိုသတ်ခြင်းဖြစ်သည်ဟု NUG ကာကွယ်ရေးအတွင်းဝန် ပြော
13 Jun 2022 By MPA

အကြမ်းဖက်စစ်ကောင်စီဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားအဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် လက်နက်စွန့်လျှင် ၎င်းတို့ဘက်မှ ကြိုဆိုမည်ဆိုခြင်းသည် နည်းလမ်းပြောင်း အချိုသတ်ခြင်းဖြစ်သည်ဟု NUG ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်က သုံးသပ်ပြောကြားလိုက်သည်။

“လက်နက်အပ်နှံပြီး ပြည်သူ့ဘဝပြန်ဝင်ရောက်” လျှင် ကြိုဆိုမည်ဟု အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်အသိပေးထားသော်လည်း တစ်ဘက်တွင်လည်း မြန်နိုင်ငံဒေသအချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအပြင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ တိုက်ပွဲများပြင်းထန်နေသလို စစ်ရေးတင်းမာမှုများလည်း ရှိနေသည်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် ဦးနိုင်ထူးအောင်က “စကစဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရရော အခြေအနေလုံးဝမကောင်းတော့ပါဘူး။ ဒီလိုအနေအထားမျိုးမှာ သူ့ရဲ့ အာဏာဆက်လက် တည်မြဲအောင်ဆိုပြီး နည်းလမ်းပေါင်းစုံ ပြောင်းလဲပြီးတော့ ကျင့်သုံးနေတာကို တွေ့ရပါတယ်”ဟု MPA သို့ ပြောပြသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီဘက်က ယခုလို PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားအဖွဲ့အစည်းအမျိုးမျိုးတို့ကို လက်နက်စွန့်လျှင် ၎င်းတို့ဘက်မှ ကြိုဆိုမည်ဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက စိတ်ဝင်စားခြင်းမရှိဘဲ ရှိနေသည်။

တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် – ၃၅၀၁ က “လူ့မိစ္ဆာများ၏ လက်အောက်ကို ပြန်သက်ဆင်းပြီး စစ်ကျွန်ဘဝနဲ့ ပြန်လည်အရိုးထုတ်စရာ အကြောင်း တစ်ကြောင်းမှမရှိပါ”ဟု ထုတ်ပြန်အသိပေးထားသည်။

တော်လှန်ရေးရဲဘော်တစ်ဦးက “ပြည်တွင်းပဋိက္ခဖြစ်တယ်ဆိုတာက ဘယ်သူတွေကစခဲ့တာလဲ။ ဘယ်သူတွေက ဖန်တီးတာလဲ။ တိုင်းရင်းသားတွေက ဖိနှိပ်ခံနေရတာ။ ကချင်ကြည့်မလား၊ ကရင်ကြည့်မလား၊ ရခိုင်ကြည့်မလား။ ဒီတော့ ဖိနှိပ်ခံရတဲ့အခါမှာ ဆန္ဒပြတယ်။ ဆန္ဒပြလို့ အသက်ခံရတယ်။ နောက်မီးရှို့ခံရတယ်။ ဒါကြောင့် လက်နက်ကိုင်တယ်။ လက်နက်ကိုင်လို့ ပဋိက္ခဖြစ်တယ်။ ဒီရဲ့ အစက စစ်တပ်ကပဲလုပ်ခဲ့တာ။ အဲ့ဒါကို သူကပဲအရင်ပြဿနာရှာတယ်။ နောက် လူကောင်းအထာနဲ့ ပြန်ခေါ်တယ်ဆိုတော့ အရမ်းရယ်ရတဲ့ဟာသတစ်ခုပဲ”ဟု MPA သို့ မှတ်ချက်ပေးသည်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် ဦးနိုင်ထူးအောင်က “မကြာသေးခင်ကပဲ စကစက ရွာတွေမီးရှို့တယ်။ အပြစ်မဲ့ပြည်သူပေါင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်တယ်။ ဒါပေမဲ့လည်း တော်လှန်ရေးက ဆက်လက်ပြီးတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ ချီတက်လာတဲ့အခါမှာ ဒီတစ်ခါမှာ အချိုသတ်တဲ့ နည်းဗျူဟာမျိုးကို သုံးပြီးတော့ PDF အင်အားစုတွေကို ဖြိုခွဲနိုင်ဖို့ ကြိုးစားကြည့်တဲ့ ကြိုးစားမှုမျိုးလို့ထင်ပါတယ်။ PDF တွေကြားမှာ သွေးကွဲအောင် သွေးခွဲတာမျိုးတွေ ဆက်ပြီး လုပ်လာနိုင်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် လက်ရှိအခြေအနေနှင့် ပတ်သက်၍ သတိကြီးကြီးထားပြီး တော်လှန်ရေး အသိရှိရှိနှင့် တုံ့ပြန်သွားမည်ဆိုလျှင် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာသည် အောင်မြင်နိုင်စရာ အကြောင်းမရှိဟု တိုက်တွန်းအသိပေးခဲ့သလို လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အခြေအနေ မကောင်းတော့သည့်အတွက်ကြောင့် နည်းလမ်းတွေပြောင်းသုံးနေခြင်းဖြစ်ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် ဦးနိုင်ထူးအောင်က ဆက်လက်ပြီး သုံးသပ်ချက်ပေးသည်။

Photo – Acting President Duwa Lashi La FB
ပုံစာ – ရှေ့တန်းစခန်းတစ်နေရာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်သည်ရဲ‌ဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်ကြည့်ရှုသည့်မြင်ကွင်း

Leave a Reply

Your email address will not be published.