မြန်မာအာဏာသိမ်းစစ်တပ်က ရှုံးနေပြီလို့ အသိပေးလိုက်တဲ့ အမေရိကန် “

News

” မြန်မာအာဏာသိမ်းစစ်တပ်က ရှုံးနေပြီလို့ အသိပေးလိုက်တဲ့ အမေရိကန် ”

မြန်မာအာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီ တော်လှန်ရေးသမားတွေကို အနိုင်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ပြောကြားလိုက်ပါတယ် ။

” မြန်မာအာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီ တော်လှန်ရေးသမားတွေကို အနိုင်ရဖို့ မဖြစ်နိုင်တော့ပါဘူး ။ အာဏာသိမ်းစစ်တပ်က အနိုင်ရနေတယ်ဆိုတာ ဘယ်လိုမှ တွေးယူလို့မရပါဘူး ။ မြင်တွေ့ရဖို့ခက်ပါတယ် ။ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီလမ်းကို ပြန်လည် လျှောက်လှမ်းရပါလိမ့်မယ် ။ မြန်မာစစ်တပ်ဟာ နယ်မြေတွေဆုံးရှုံးနေတယ် ။ သူတို့ အကြီးအကျယ်ကို ဆုံးရှုံးနေတာပါ ”
လို့ ချိုလက်က ပြောထားပါတယ် ။

ဒီအကြောင်းကို ပြီးခဲ့တဲ့သောကြာနေ့က ဘန်ကောက်မြို့မှာ ပြောကြားခဲ့တာပါ ။ ရိုက်တာသတင်းသမားနဲ့ နိုင်ငံတကာသတင်းသမားတွေကို ဒီလို အသိပေးခဲ့ပါတယ် ။

” မြန်မာစစ်တပ်ဟာ နိုင်ငံတကာမှာ အထီးကျန်တာမဟုတ်ပဲ ပြည်တွင်းမှာလည်း အထီးကျန်စစ်တပ်ဖြစ်နေတာပါ ။ ”
လို့ ချိုလက်က ဆိုပါတယ် ။

နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရထံကနေ အာဏာသိမ်းခဲ့ပြီး ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွဲခဲ့ပါတယ် ။ အစုအပြုံလိုက် ဖမ်းဆီး နှိပ်စက်မှု့တွေနဲ့ သတ်ဖြတ်မှု့တွေ လုပ်ခဲ့ပါတယ် ။

ပြည်သူတွေအပေါ် အကြမ်းဖက်လာတဲ့ မြန်မာစစ်တပ်ကို တုံ့ပြန်နိုင်ဖို့ မဟာမိတ်တော်လှန်ရေးသမားတွေဟာ အပေါ့စားလက်နက်ငယ်တွေ ဆွဲကိုင်ပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို ပြန်လည် တိုက်ခိုက်ခဲ့ကြပါတယ် ။ မြန်မာစစ်တပ်က လက်နက်ကိုင်ဆောင်တဲ့ ခုခံရေးသမားတွေကို အကြမ်းဖက်သူတွေအဖြစ် စွပ်စွဲခဲ့ပါတယ် ။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချိုလက်ရဲ့ ပြောကြားချက်တွေကို မှတ်ချက်ပေးနိုင်ဖို့ မြန်မာစစ်တပ်က ပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ခဲ့ပါဘူး ။

အမေရိကန်နိုင်ငံခြားရေးဌာနက အကြံပေးပုဂ္ဂိုလ်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ ။ အမေရိကန်ဟာ အာဆီယံအဖွဲ့အတွင်းက အင်ဒိုနီးရှား ၊ မလေးရှား ၊ စင်္ကာပူနိုင်ငံတွေနဲ့ မြန်မာ့အရေးအတွက် ပူးပေါင်းအဖြေရှာနေတယ်လို့ အသိပေးထားပါတယ် ။

ချိုလက်က တရုတ်နိုင်ငံဟာလည်း မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ် ။

သုံးသပ်ရရင်တော့ ….၊
ဒါဟာ ကမ္ဘာ့အမြင်ပါဘဲ ။ ကမ္ဘာကြီးက ဘာကိုမြင်သလဲဆိုရင် လူထု ( The People ) ကို မြင်ပါတယ် ။ နိုင်ငံတစ်နိုင်ငံရဲ့ သဘောထားဟာ အဲ့ဒီနိုင်ငံမှာနေတဲ့ ပြည်သူလူထုရဲ့ သဘောထားပါ ။ အစိုးရဆိုတာက ပြည်သူ့သဘောထားကို အကောင်အထည်ဖော် တင်ပြပေးရတဲ့ အဖွဲ့ပါ ။

ဆိုတော့ ပြည်သူအများစုရဲ့ သဘောထားက ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရကို မဖြစ်မနေ ပြန်တင်ချင်တာပါ ။ ဒါကို လက်နက်နဲ့ အနိုင်ကျင့်လို့ တန်ပြန် လက်နက်ကိုင်ခဲ့ကြတာပါ ။ ဒီအခြေအနေကို ကမ္ဘာကြီးက ကောင်းကောင်း သဘောပေါက်ပါတယ် ။ ဒါ့ကြောင့်လည်း အမေရိကန်ကိုယ်စားပြုသူဟာ မြန်မာစစ်တပ်က ရှုံးနေပြီလို့ သေချာပေါက်ပြောခဲ့တာပါ ။

အမေရိကန် နိုင်ငံခြားရေးဌာနက အကြံပေးပုဂ္ဂိုလ်ဟာ တာဝန်နဲ့လာသူမို့ သူပြောတဲ့စကားဟာ အမေရိကန်အစိုးရကို ကိုယ်စားပြုပါတယ် ။
ဘကြီးအောင် LA
11 June,2022

Leave a Reply

Your email address will not be published.