ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်၍ ပါတီမှနုတ်ထွက်ခိုင်း

News

ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်၍ ပါတီမှနုတ်ထွက်ခိုင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နန္တိကျေးရွာအုပ်စုမှ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအတွင်းရေးမှူး ဦးဇော်ဦး နှင့်ပါတီဝင် ဦးနိုင်ဇော်တို့ကို စစ်ကောင်စီမှ ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ် ရိုက်နှက်ခဲ့ကြောင်း မဇ္ဈိမမှ ရရှိထားသော တိုင်စာအရသိရသည်။

အဆိုပါတိုင်စာထဲတွင် ဇွန်လ ၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ဦးဇော်ဦး၏ နေအိမ်၌ ပါတီဝင်တချို့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ပြည်ခိုင်ဖြိုးပါတီဝင် အင်အားစာရင်း ပြုလုပ်နေခဲ့ကြောင်း ရေးသားထားသည်။

ထို့နောက် စစ်ကောင်စီတပ်သား ငါးဦး ရောက်လာပြီး ဗိုလ်ကြီးသက်ဇော်ထွန်းက ခေါ်ခိုင်းသည်ဟုဆိုကာ ဦးဇော်ဦးကို လက်ပြန် ကြိုးတုပ်၍ ကြီးလေးကြီးလမ်းရှိ ရကသလမ်းဆုံဂိတ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

အလားတူ ယင်းနေ့ နေ့ဘယ် ၂ နာရီတွင် ကြံ့ခိုင်ရေးပါတီဝင် ဦးခိုင်ဇော်၏နေအိမ်၌လည်း ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များစကားပြောနေစဉ် တပ်ကြပ်ကြီးမင်းသိန်းပါ စစ်သား လေးဦးရောက်ရှိလာပြီး ဦးခိုင်ဇော်ကို ဦးဇော်ဦးအား ဖမ်းဆီးထားသည့် ကင်းတဲသို့ ထပ်မံခေါ်ဆောင်သွားကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ဖမ်းဆီးခံရစဉ် ရိုက်နှက်ခံရကြောင်းနှင့် ပါတီမှနုတ်ထွက်ခိုင်းကြောင်းကို ရန်ကုန်တိုင်းဒေသကြီးတိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေထံ တိုင်စာရေး၍ ကို ဇွန်လ ၆ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့သည်။

တိုင်စာတွင် ဂိတ်ထဲသို့ရောက်သောအခါတပ်ကြပ်ကြီးမင်းသိန်းမှ ဦးဇော်ဦးအား ပါးနှင့် နားအုံများဖြတ်ရိုက်ပြီး ရင်ဘက်အားထိုးကြိတ်ကြောင်း၊ ၄င်းအချိန်တွင် ဗိုလ်ကြီး သက်ဇော်ထွန်းရောက်လာပြီး “အဲ့လိုထိုးရတာမဟုတ်ဘူးကွ ဒီလိုထိုးရတယ်” ဟုဆိုကာ မျက်နှာနှင့်ရင်အုပ်အား ပြင်းထန်စွာ ထပ်မံ ထိုးကြိတ်ခဲ့ကြောင်း ရေးထားသည်။

ထို့အပြင် “မင်းတို့ကြံ့ခိုင်ရေးကကောင်တွေကို လုပ်ချင်နေတာကြာပြီ ဘာကြံ့ခိုင်ရေးလဲ (−−)_ ကြံ့ခိုင်ရေး၊ ဘာပြည်ခိုင်ဖြိုးလဲ (−−) ပြည်ခိုင်ဖြိုး။ (−−)ပဲ မင်းတို့ပြည်ခိုင်ဖြိုးက ပြည်သူလူထုအုံကြွအောင်လုပ်နေတာ” ဟုဗိုလ်ကြီးသက်ဇော်ထွန်း မှပြောလိုက်ထိုးလိုက်နှင့် ကြမ်းတမ်းစွာလုပ်ဆောင်ခဲ့ပါကြောင်း၊ ၄င်း၏ လက်ယောင်သွားသော အခါမှ ထိုးနှက်ခြင်းအား ရပ်တန့်သွားပါသည် ဟူ၍လည်း တိုင်စာတွင်ဖော်ပြထားသည်။

အလားတူ ပါတီဝင် ဦးနိုင်ဇော်ကိုလည်း ကင်းတဲသို့ရောက်သောအခါ ဇော်ဦးချုပ်နှောင်ထားရာ အနီးတွင် မတ်တပ်ရပ် ခိုင်းထားကြောင်း၊ ညနေ ၄ နာရီခန့် တွင် ဗိုလ်ကြီးနေရာဂိတ်တဲသို့ လာရောက်ခေါ်ဆောင်သွားပြီး ၎င်းတို့ နှစ်ဦးနှင့် အဖွဲ့ဝင်များအားလုံး ကြံ့ခိုင်ရေးလုပ်ငန်းစဉ်များ လုံးဝမပြုလုပ်ရန်နှင့် ပါတီဥက္ကဋ္ဌခိုင်းလည်း လုပ်စရာမလိုကြောင်း၊ ဥက္ကဋ္ဌ ကိုလည်း နောက်ကြောင်းလိုက်၍ ဒီရက်ထဲတွင် ဖမ်းဆီးမည်ဟုပြောဆိုကာ ကြိုးဖြေပေးကာပြန်လွတ်ပေးလိုက်ပြီး လိုအပ်ရင်ပြန်ခေါ်မည်ဟု ပြောပါသည် ဟု ထိုတိုင်စာတွင် ဆက်လက်ရေးသားထားသည်။

၎င်းတိုင်စာတွင် ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များသည် တပ်မတော်အားထောက်ခံသူများ ဖြစ်ပြီး လက်ရှိတပ်မတော်အာဏာ ထိန်းနိုင်အောင် တဖက်တလမ်းမှကြိုးစား ဆောင်ရွက် ခဲ့ကြသူများ ဖြစ်ကြောင်းလည်းဆိုသည်။

ယခုအချိန်သည် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပူးပေါင်း၍ NLD အကြမ်းဖက်ရန်မှ တည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်နေသော အချိန်ဖြစ်ကြောင်းနှင့် ဗိုလ်ကြီးသက်ဇော်ထွန်းသည် NLD အဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ၎င်းတို့ကို အကြောင်းရှာဖမ်းဆီးထိုးကြိတ်ခြင်းဟု တိုင်စာတွင်ဖော်ပြထားသည်။

တိုင်စာတွင် ၎င်းတို့နှစ်ဦးကို ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်ခိုင်းနေကြောင်းကိုလည်းရေးသားခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန် တပ်မမှူး၊ အမှတ် (၁၁) တပ်မဌာနချုပ်နှင့် တပ်နယ်မှူး၊ အင်းတိုင်တပ်နယ်၊ လှည်းကူးမြို့နယ်တို့ကို ပေးပို့ခဲ့ကြောင်းသိရသည်။Mizzima

Leave a Reply

Your email address will not be published.