အမေရိကန် – ဗီယက်နမ်အက်ရှင်စစ်ကားရုပ်ရှင် ကြည့်ပြီး တီထွင််လိုက်သည့် မိုးညို – မမ

News

စစ်ကားရုပ်ရှင်ကြည့်ပြီး တီထွင််လိုက်သည့် မိုးညို – မမ

ဝေယံမိုး

အာဏာသိမ်းစစ်ကောင်စီတပ်အား လက်နက်ကိုင်တိုက်ပွဲဝင်ကာ တိုက်ထုတ်နေသည့် အညာဒေသတစ်ခွင်၌ လက်လုပ်လက်နက်များ လုံလောက်စွာထုတ်လုပ်နိုင်ရေးသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်။

ခေတ်မီမောင်းပြန်များကို မမျှော်မှန်းနိုင်သေးသော်လည်း စစ်ကောင်စီတပ်နှင့်ရင်ဆိုင်တိုက်ခိုက်နိုင်ရန် တူမီးအား အခြေခံကာ လက်လုပ်လက်နက်များစွာ ထုတ်လုပ်လာကြရသည်။

စက်ပစ္စည်းများနှင့် မယဉ်ပါးသေးသည့် ဒေသခံတောင်သူများသည် ထိုလက်နက်အခက်အခဲအား ကိုယ်ပိုင်အစွမ်းအစဖြင့် ကျော်ဖြတ်လာနိုင်ကြပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တစ်နှစ်နီးပါးကြာ လက်လုပ်များဖြင့် ခုခံတိုက်ခိုက်နေသည့် အညာဒေသတစ်ခွင်မှ တိုက်ပွဲများက သက်သေဖြစ်သည်။

စစ်ကိုင်းတိုင်း ပုလဲဒေသအခြေစိုက် တော်လှန်ရေးတပ်တစ်ခုဖြစ်သည့် ရိုးမရာဇာပြောက်ကျားတပ်မှ ဘီးတပ်အမြောက်ကြီးပုံစံ တစ်ခုအား ထုတ်လုပ်ကာ ပစ်ခတ်ပြသသည့်ရုပ်သံကို ယမန်နေ့ ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ပြသလာသည်။

“ဒီအကြောင်းကိုပြောရရင် နည်းနည်းတော့ ကလေးဆန်မလားပဲ သူက ကျွန်တော်တို့အဖွဲ့ရဲ့လက်နက်တွေ အများစုကိုလည်း ထုတ်ထားတာ၊ ခုလက်နက်ကြီးကလည်း အမေရိကန် – ဗီယက်နမ်ဇာတ်ကား စစ်ကားလေ၊ အဲ့ကားထဲက အမြောက်ကြီး၊ အဲ့ပုံစံရအောင်ထုတ်မယ်ဆိုပြီးလုပ်တာ စိတ်ကူးယဉ်ဆန်တော့ ကျွန်တော်က သိပ်တော့မမျှော်ဘူး၊ ဒါပေမဲ့ သူကဖြစ်အောင်လုပ်သွားတယ် MN- မမ ဆိုပြီး အဲ့ဒါက ထုတ်တဲ့သူ ခေါင်းဆောင် မိုးညိုရဲ့အမည်ကို ဂုဏ်ပြုပြီးပေးထားတာ” ဟု ဘီးနှစ်ဘီးတပ် လက်နက်ကြီးထုတ်လုပ်ဖြစ်ပုံအား ရိုးမရာဇာပြောက်ကျားတပ် တပ်ရင်းမှူး လဂွန်းအိမ်က ရှင်းပြသည်။

လက်လုပ်လက်နက်ကြီးများ ထုတ်လုပ်စမ်းသပ်ရခြင်းသည် လူ့အသက်နှင့်ရင်းနှီးကာ အန္တရာယ်များလွန်းသည်ဖြစ်ရာ ထိုသို့စမ်းသပ်ပစ်ခတ်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော်များလည်း အညာဒေသတစ်ခွင်တွင် မနည်းလှပေ။

လက်နက်ကြီးများ၏ ပြန်လည်တွန်းကန်အားနှင့် ပြောင်းကွဲသည့်အကြောင်းရင်းများက ရဲဘော်များအတွက် အခက်အခဲဖြစ်သည်။
ထို့အပြင် လက်လုပ်လက်နက်ကြီးများသည် ရွှေ့ပြောင်းရ မလွယ်ကူသည်ကလည်း အခက်အခဲတစ်ခု ဖြစ်သည်။

ထိုပြဿနာအား ကိုမိုးညို၏ စိတ်ကူးအိပ်မက်နှင့်အတူ တစ်လတာကာလလုံး စမ်းသပ်ပြုလုပ်ရင်း ကျော်ဖြတ်လာနိုင်ခဲ့ပြီဟု ဆိုနိုင်သည်။
“အဓိကပြဿနာက ယမ်းကန်အားနဲ့ နောက်ကိုပြန်လာတာကို ကျွန်တော်တို့်မထိန်းနိုင်ဘူးဗျ အဲ့ဒီဟာကို သူက(မိုးညို) သူ့အကြံနဲ့သူ ရှော့ဘားစပရိမ်တွေနဲ့ ထည့်ပြီးလုပ်လိုက်တာ တော်တော်အဆင်ပြေသွားတယ် .. အဲ့လို အဲ့လို …..အဖူးထဲ့ပစ်ရတဲ့ အမျိုးအစားပေါ့၊ ပြီးတော့ ရွှေ့လို့ရအောင် ဘီးတွေတပ်လိုက်တယ်၊ ပထမတော့ ဆိုင်ကယ်ဘီးနဲ့ လုပ်သေးတယ်၊ ပစ်ကြည့်တော့ ဘီးခွေသွားတယ်၊ ဘယ်လိုမှ မနိိုင်ဘူး။

နောက်တော့ ကားတာယာတွေတပ်ရတယ်” ဟု လက်လုပ်လက်နက်ကြီးများတွင် ကြုံတွေ့ရလေ့ရှိသည့် ပြဿနာနှစ်မျိုးအား ဖြေရှင်းထားပုံကို လဂွန်းအိမ်က ရှင်းပြသည်။

ထိုလက်နက်ကြီးသည် နှစ်မိုင်အတွင်းရှိ ပစ်မှတ်အား ပစ်ခတ်နိုင်ပြီး အညံ့စားယမ်းများသာ အသုံးပြုနိုင်သေးသည့်အတွက် ပေါက်ကွဲထိရောက်မှုတော့ အားနည်းနေသေးကြောင်း ၎င်းကဆက်ပြောသည်။

ထိုလက်နက်ကြီးအား ကျည်ဖြည့်ပြီး ဆယ်ပေခန့်အကွာတွင် ကြိုးဆွဲကာ ပစ်ခတ်သည့်ပုံစံ ထုတ်လုပ်ထားသည်ကို တွေ့ရသည်။
အရင်က ဝရိမ်ပင်မဆော်ဘူးသည့် ကိုမိုးညိုသည် လက်ရှိအချိန်တွင်တော့ ရိုးမရာဇာပြောက်ကျားအဖွဲ့မှ အားကိုးရသည့် လက်နက် ထုတ်လုပ်ရေးတာဝန်ခံ ဖြစ်နေပြီဖြစ်သည်။

“အရင်ကတော့ သူက သူ့တစ်ယောက်ထဲ ထုတ်လုပ်ရေးလုပ်တာဗျ၊ ပြီးတော့ သူထုတ်ထားတာကို တိုက်ပွဲဝင်ရဲဘော်တွေကို ပေးတယ်၊ ဒီလိုလုပ်နေရင်းက ကျွန်တော်တို့အဖွဲ့နဲ့ပူးပေါင်းဖြစ်တာ “ ဟု ထုတ်လုပ်ရေးတာဝန်ခံကိုမိုးညိုနှင့် ပူးပေါင်းဖြစ်ပုံကို ပြောပြသည်။

ထိုလက်နက်ကြီးအား ထုတ်လုပ်ရာ ငွေ ငါးသိန်းကျော် ကုန်ကျပြီး၊ ကျည်တစ်လုံးလျှင် သုံးသောင်းဝန်းကျင် ကုန်ကျကြောင်း သိရသည်။
ထိုကုန်ကျစရိတ်အတွက် ကျေးရွာ ပကဖအဖွဲ့မှ အလှူငွေကောက်ခံပေးကာ တော်လှန်ရေးအတွက် အားပေးသည့် ဒေသခံရွာသားများမှ အလှူငွေထည့်ဝင်မှုဖြင့် ရပ်တည်ကာ ထုတ်လုပ်ရေးလုပ်ရခြင်းဖြစ်ကြောင်း လဂွမ်းအိန်က ရှင်းပြသည်။

ထုတ်လုပ်ပြီးလက်နက်များတွင် ၄၀ မမ၊ ၆၀ မမ၊ မိုးညို မမ၊ တူမီးအကြီး၊ ကျည်အစစ် တစ်ထောင့်ထိုး၊ လက်လုပ်ကျည် တစ်တောင့်ထိုး ၊ ကိုးလုံးကျည် တစ်တောင့်ထိုး စသည့် လက်လုပ်လက်နက်များ ထုတ်လုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရိုးမရာဇာအဖွဲ့အား ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းပြီး လက်ရှိအချိန်ထိ ပုလဲနယ်နှင့် ယင်းမာပင်နယ်များတွင် တိုက်ပွဲများဖော်ဆောင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ လက်လုပ်ကိုသာ အားကိုးနေရကြောင်း သိရသည်။

တိုက်ပွဲများ ဆက်လက်ဖော်ဆောင်ရန်နှင့် လက်နက်ထုတ်လုပ်ရေးတွင် အကူအညီရစေရန် မီဒီယာများမှတစ်ဆင့် ဖော်ထုတ်ပြသခြင်းဖြစ်ကြောင်းလည်း လဂွန်းအိမ်ကပြောပြသည်။

“ကျွန်တော်တို့ Page လေးဖွင့်တာတောင် တစ်လလောက်ပဲရှိသေးတယ်၊ အစကတော့ ကိုယ့်အဖွဲ့ကို ကူညီတဲ့ငွေလေးတွေ တစ်ယောက်ချင်းစီက ရှိတဲ့ငွေလေးတွေနဲ့ ထုတ်လုပ်လိုက်၊ တိုက်ပွဲဝင်လိုက် လုပ်နေရတာ ကျွန်တော်တို့ဘက်မှာ ကျည်တစ်ထောင့်ကို ၉,၀၀၀ (ကျပ်)လောက်ပေးရတာ၊ တစ်ခုခုထွင်ချင်တောင် ပိုက်ဆံအတွက် ချိန်ဆနေရတာ” ဟု ၎င်းတို့အခက်အခဲကို လဂွန်းအိမ်က ပြောပြသည်။

၎င်းတို့အဖွဲ့တွင်တော့ လက်နက်ထုတ်လုပ်မှုနှင့် တိုက်ပွဲများတွင် ကျဆုံး ထိခိုက်သည့် ရဲဘော်မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
တစ်နှစ်နီးပါးကြာ တိုက်ခိုက်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ဆက်တိုက်လုပ်လာသော်လည်း လိုအပ်ချက်အရ လက်ရှိအချိန်တွင် မောင်းပြန် တစ်လက်လောက် လိုချင်သည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့မှာ လောလောဆယ် လိုတာကတော့ မောင်းပြန်သေနတ်ပေါ့နော်၊ အများကြီးမဟုတ်တောင်မှ တိုက်ပွဲဝင်တဲ့အခါ မောင်းပြန်နဲ့ ကာပြီး ကိုယ့်လူတွေ နောက်ပြန်ဆုတ်နိုင်ဖို့ မောင်းပြန်လေးလိုချင်တာပါ၊ ဒါလေးကိုအကူအညီပေးကြပါဦးလို့ ပြောချင်တာပါ၊ ကျွန်တော်တို့မှာက တစ်တောင့်ထိုးတွေပဲရှိတော့ ကျည်ထိုးကျည်ဖြည့် ကြာတယ်ပေါ့နော်၊ ပြီးတော့ဒီကောင်တွေက အသံကိုသိတယ် တစ်တောင့်ထိုးချည်း ရှိတဲ့နေရာဆို ထိုးပြီးတက်လာတာ မျိုးဆိုတော့ မောင်းပြန်လေး တစ်လက်တစ်လေရှိရင် ကာပစ်ထားလို့ရတယ်” ဟု တပ်ရင်းမှူး လဂွန်းအိမ်က သတင်းစကားပါးသည်။Mizzima

>

Leave a Reply

Your email address will not be published.