အရက်မူးပြီးအိပ်နေသည့် စစ်ကောင်စီတပ်သား (၂) ဦးထံမှ သေနတ်ကို MC-KCDF လမ်းကြုံယူနိုင်ခဲ့ဟုဆို

News

အရက်မူးပြီးအိပ်နေသည့် စစ်ကောင်စီတပ်သား (၂) ဦးထံမှ သေနတ်ကို MC-KCDF လမ်းကြုံယူနိုင်ခဲ့ဟုဆို

ပခုက္ကူ၊ မေ (၃၁)

လူငယ့်ခေတ်

မကွေးတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဂိတ်တစ်ခု၌ အရက်မူးပြီးအိပ်ပျော်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား (၂) ဦးထံမှ MA1 သေနတ်တစ်လက်ကို မေလ (၂၉) ရက်က ယူဆောင်လာနိုင်ခဲ့ကြောင်း မြစ်ခြေ – ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(MC–KCDF)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

“ကျွန်တော်တို့ဂိတ်နေရာကိုတော့ပြောလို့မရသေးဘူး။ ကျွန်တော်တို့ လည်းကြုံလို့လုပ်လိုက်တာ။ တကူးတကမစ်ရှင်တွေဘာတွေရှိလို့လည်းမဟုတ်ဘူး။ လမ်းကြုံပေါ့”ဟု ၎င်းကဆိုသည်။

သေနတ်ယူခဲ့သည့်ဂိတ်တွင် စစ်ကောင်စီလက်ပါးစေ (၂) ဦး စောင့်လေ့ရှိပြီး ထိုနေ့က ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား (၂) ဦးလုံး အရက်မူးပြီးအိပ်ပျော်နေခြင်းကြောင့် သေနတ်ယူကာ ပြန်ထွက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့သတ်တော့မသတ်ခဲ့ဘူး။ သေနတ်ယူပြီးပဲထွက်လာခဲ့တာ။ ဂိတ်နေရာမပြောတာကလဲ လုံခြုံရေးကြောင့်ပါ။ ပွင့်ပွင်းလင်းလင်းပြောရရင် ဒီကောင်တွေကို ဒုက္ခများစေချင်သေးလို့”ဟု ၎င်းက ပြောသည်။

လက်ရှိစစ်ရေးအခြေအနေအရ မြစ်ခြေမြို့နယ်အတွင်းသို့ ဖြတ်သန်းသွားသည့် ပြည်သူ့ကားများအနေဖြင့် မှန်ချပြီးမောင်းနှင်ကြရန်လည်း MC–KCDF က ထုတ်ပြန်သတိပေးထားသည်။

ထိုသတိပေးချက်ကို လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်တစ်စုံတစ်ရာနှင့်ပတ်သက်၍ MC–KCDF က တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ (၂၄) ရက်ကလည်း ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ချေ – ကျွန်းချောင်းလမ်းပိုင်းတစ်နေရာတွင် MC–KCDF အဖွဲ့က ဆင်ထားသည့်မိုင်းကိုဖြုတ်ကာ ကားပေါ်တင်သွားသည့် စစ်ကောင်စီတပ်သားများကို အဆိုပါမိုင်းအတွင်းထည့်ထားသည့်ဖုန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား (၁၃) ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.