ရန်ကုန်မြို့ရဲ့ အထင်ကရ စေတီတော်ကြီး ဖြစ်တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရွှေချလုပ်ငန်းဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကနဦးအနေနဲ့တော့ ရွှေရာဆိုင်း သို့မဟုတ် ရွှေဆိုင်းချပ်များ ဝယ်ယူဆောင်ရွက် သွားမှာဖြစ်တယ်လို့
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဘုရားထက်ကြီးတဲ့ ဘုရားလူကြီး ဂေါပကအဖွဲ့ထံမှ သိရပါတယ်။




လက်ရှိ ရွှေတိဂုံစေတီတော်ရဲ့ ရွှေချလုပ်ငန်းများအတွက် နှစ်လက်မပတ်လည် အရွယ်ရှိ ရွှေရာဆိုင်းစက်မှုရွှေ အချပ် ၁၀၀၀၀ နဲ့
မြန်မာ့ရိုးရာလက်မှု ရွှေရာဆိုင်း ၅၀၀၀ ဆိုင်း စုစုပေါင်း ၁၅၀၀၀ ကို ဝယ်ယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ရွှေဆိုင်း ၁၅၀၀၀ ကို ရောင်းချ လုပ်ကိုင်လိုတဲ့ ပြည်တွင်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကို ဈေးပြိုင် တင်ဒါစနစ်နဲ့ ဖိတ်ခေါ်လာပါတယ်။




စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်အနေနဲ့ တင်ဒါလျှောက်လွှာ တစ်စုံ ငွေကျပ် ၁ သောင်းနှုန်းနဲ့ လာမယ် ဇွန် ၁ ရက်မှစတင်ပြီး ဇွန် ၆ ရက်အထိ
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကရုံးမှာ ဝယ်ယူလျှောက်ထား တင်သွင်း နိုင်တယ်လို့ သိရပါတယ်။




ဈေးပြိုင်တင်ဒါ ဖြစ်တာကြောင့် ဖွင့်ဖောက်စစ်ဆေးမယ့် ရက်ကို ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန် ရွှေတိဂုံ စေတီတော်
ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှာ ကျင်းပပြုလုပ်သွားမှာပါ။
လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက် ရွှေတိဂုံစေတီတော်ရဲ့ ကြာမှောက်ကြာလန် ဧရိယာမှာ ရွှေစင်ရွှေပြားများ ပြန်လည် သန့်စင်ရာမှာ
ရွှေပါဝင်မှု နည်းပြီး အဝေးကဖူးမျှော်က ရွှေရောင်မပေါ် ညိုမဲနေကြောင်း ရွှေပါဝင်မှု ၉၈ ဒသမ ၉၁ ရာခိုင်နှုန်းသာ ရှိတဲ့ဆိုတဲ့ သတင်းများ
အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့မှု ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။




အဲဒီအခြေအနေကိုလည်း ယခင်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရွှေတိဂုံစေတီတော် မြတ်ကြီးရဲ့ အောက်ခြေ ကြာနုဧရိယာမှာ
ပူဇော်ထားတဲ့ ရွှေပြား ၃၉၂၁ ချပ်အနက် ရွှေပြား ၉ ချပ်ရဲ့ ရလဒ် အဖြေသာ ဖြစ်တယ်လို့ ၂၀၁၈ နိုဝင်ဘာ ၂၄ ရက်မှာ ပြန်လည်ရှင်းလင်းခဲ့ကြပါတယ်။
Credit