ပညာရေးလွန်ဆွဲပွဲနှင့်ကျောင်းသားမိဘ၏ရင်ဖွင့်သံ

News

>

(ကျနော့်ဆရာမ၊ မိခင်တစ်ဦးရဲ့ ရဲရဲတောက် ရင်ဖွင့်သံ)

ပညာရေးလွန်ဆွဲပွဲနှင့်ကျောင်းသားမိဘ၏ရင်ဖွင့်သံ

ကျွန်မမှာ ကလေးနှစ်ယောက်ရှိပါတယ်။ သားအကြီးလေးက ၁၀ တန်း အောင်ထားတာ ၂ နှစ်ရှိပါပြီ။ သမီးလေးက KG တက်ရမယ့်အရွယ်ပါ။ ကျောင်းတက်ရမယ့်အရွယ် ကျောင်းနေခွင့် မရှိတာ တော့ တော်တော်ဆိုးတဲ့ အနေအထားပါ။ သူတို့ ပညာရေးကို အဆက်မပြတ်စေချင်တာလည်း အမေတစ်ယောက်ရဲ့ အကြီးမားဆုံးဆန္ဒပါ။

ဒါဆို သူတို့ကို ကျောင်းပို့မလား။ ဘာအတွက်လဲ။ အတန်းတက်ဖို့လား။ စာတတ်ဖို့လား။ သေသေချာချာ စဉ်းစားရင် ခုချိန်မှာ အတန်းတက်ဖို့လည်း အရေးမကြီးသလို စာတတ်ဖို့လည်း အရေးမပါလှပါ။

ခုအခြေအနေမှာ သားနဲ့သမီးကို အတန်းတင်ပညာရေး၊ စာတတ်မြောက်ရေး ပညာရေးထက် နှလုံးသား ပညာရေး ပေးဖို့ပဲ စဉ်းစားလုပ်ဆောင်နေပါတယ်။ ပညာရေးနယ်ပယ်ထဲက အဖေနဲ့အမေက သူတို့ကို စာသင်ဖို့ထက် ဒီနေ့ခေတ် အခြေအနေ ကနေ သူတို့ ဘာတွေ သင်ယူနိုင်မလဲ စဉ်းစားပါတယ်။ သူတို့ စားချင်တာမစားရ၊ သွားချင်တဲ့ နေရာ မသွားရ၊ တွေ့ချင်တဲ့ လူနဲ့ မတွေ့ရတာ ဘာကြောင့်လဲ ဆိုတာ… ဘယ်သူ့ကြောင့်လဲဆိုတာ…. ဘယ်စနစ် ကြောင့် လဲ ဆိုတာ …. သေသေချာချာ ခြေခြေမြစ်မြစ် ပြောနေဖြစ်ပါတယ်။ နေ့တိုင်းလိုလို ညတိုင်းလိုလို…..

“ မေမေတို့ ၈တန်းမှာ ၈၈ အရေးအခင်းမို့ ကျောင်းတွေပိတ်ပြီး ၁၉၉၂ ခုနှစ်မှ ၁၀ တန်းအောင်တယ်။ ၁၉၉၄ ခုနှစ်မှ ပထမနှစ် စတက်ရတယ်။ ၁၉၉၆ ခုနှစ်မှာ တက္ကသိုလ်တွေ ထပ်ပိတ်လို့ ၁၉၉၉ မှ ပြန်တက်ရပါတယ်။ စုစုပေါင်း နစ်နာတဲ့ နှစ်တွေ တွက်ကြည့်ရင် ကျောင်းသက် ၅ နှစ် နာပြီးမှ ဘွဲ့ ရပါတယ်။ အဲ့ခေတ်က လူတွေအကုန် အဲလို နာခဲ့ကြတာပါ။ ဒါပေမယ့် ခေတ်ဆိုး စနစ်ဆိုးအောက်မှာပဲ လူလားမြောက်ခဲ့ရပါတယ်။

လူလူသူသူဖြစ်တော့မယ့် ၅ နှစ်တာကာလမှာတော့ အဆိုးဆုံးအခြေအနေကို ကြုံလိုက်ရပါတယ်။ အရာအားလုံး မြင်မြင်သမျှ ကြားကြားသမျှ စိတ်မချမ်းသာစရာအပြည့်…. အချိန်တိုင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စရာ အတိ။

ခု သားသားတို့ သမီးလေးတို့ ကျောင်းမတက်ရတာ ၂ နှစ်ပဲရှိပါသေးတယ်။ မေမေတို့ကြုံခဲ့ရသလို မျှော်လင့်ချက်မဲ့နေတဲ့ ခေတ်တော့လည်းမဟုတ်။ မယိမ်းမယိုင်တောင့်ခံနိုင်ဖို့ပဲ လိုအပ်တာ။

အဆိုးလောကဓံတွေကို အများဆုံး တွေ့ကြုံနေရတဲ့ဒီလိုအခြေအနေမှာ ကိုယ်နဲ့ရွယ်တူကလေးအများစုက အရွယ်နဲ့မမျှတဲ့ ဆင်းရဲဒုက္ခတွေကို ခံစား နေရပါ တယ်။ ဒီတော့ သားတို့ သမီးတို့လုပ်ရမှာက သူတို့လေးတွေကို အားနာရမယ်။ အားနာ ရမယ်ဆိုတာ သူတို့မရနိုင်တဲ့ အခွင့်အရေးတွေကို မယူရက်တာ၊ သူတို့လေးတွေ မစားနိုင်တာကို မစားရက်တာ၊ မဝတ်နိုင်တာကို မဝတ်ရက်တာ၊ မသွားနိုင်တာကို မသွားရက်တာ၊ မပျော်နိုင်တာကို မပျော်ရက်တာကိုပြောတာ။ သူတို့နေရာက နေကြည့် သူတို့နေရာက ခံစားကြည့်တာကို ပြောတာ။

မေမေက အဲလိုပြောနေလို့ တစ်နေ့ တစ်နေ့ စိတ်ပျက်အားလျော့ စိတ်ဓာတ်ကျ ငိုကြွေးနေရမယ်လို့ ပြောချင်တာ မဟုတ် ဘူးနော်။ လုပ်နိုင်တာတွေအများကြီးပဲ.. အထောက်အပံ့ဖြစ်စေမယ့်ဟာတွေကို မပျက်မကွက် လုပ်ကြမယ်။ သူတို့ အတွက် အဓိဋ္ဌာန်ပြု ဆုတောင်းကြမယ်။

ချွေချွေတာတာနေပြီး ကိုယ်ဆီက မျှတလှူဒါန်း ကြမယ်။ ဒီလောက်တော့ လုပ်ကို လုပ်ရ မယ်။ နေ့တိုင်း ထမင်းစားသလိုကို အကျင့်တစ်ခုဖြစ်သွားတဲ့အထိ လုပ်ကြရမှာ။ ဒါမှ လူဖြစ်မှာနော်။ လူဖြစ်ရကျိုးနပ် မှာနော်။ ”
ဒီအချိန်မှာ ကျွန်မပေးနိုင်တဲ့ ပညာရေးကတော့ ဒါလေးပါပဲ။

ကျွန်မကလေးတွေကိုအတန်းတက်ပေးတဲ့ ဘယ်ကျောင်းမှာမှ ထားမှာ မဟုတ်ပါ။ ကိုယ်ယုံကြည်ချက်ကို ကိုယ် သံသယ မရှိပါ။ ကိုယ့်ခံယူချက်ကို ကိုယ် သစ္စာမဖောက်ပါ။ ပညာရေးလွန်ဆွဲပွဲမှာ ကျွန်မကလေးတွေကို မထည့်လိုက်နိုင်ပါ။ ဘာလို့လဲဆိုတော့ သူတို့လေးတွေက သက်ရှိလူသားတွေမို့လို့ပါ။ ပန်းတိုင်ရှိနေတဲ့ ပွဲကို ပြိုင်နေတာမို့…..ခုတော့ လူဖြစ်အောင်ပဲ ပျိုးထောင်နေပါတယ်။

ဘယ်လောက် ကြာ မလဲ။ ကြာပါစေ ….
ကလေးတွေ အသက်ကြီးသွားမလား ကြီးသွားပါစေ….

အသက်ကြီးပြီး အချိန်မစီးသူလေးတွေတော့ မဖြစ်စေရပါ။
စစ်မှန်တဲ့ လွတ်လပ်မှုရသည်အထိ… သူတို့လေးတွေကို အစစ်တွေပဲ ပေးချင်တာမို့…….

သားတို့ သမီးတို့ မေမေ
ခရက်တစ်

Leave a Reply

Your email address will not be published.