စက်သုံးဆီဈေးကွက်အတွင်း၌ နိုင်ငံခြားမှ တင်သွင်းနေသည့် အောက်တိန်းဓာတ်ဆီ 92 နှင့် 95 များ မလုံမလောက်ဖြစ်ကာ ပြတ်လပ်နေသဖြင့် တဆင့်ခံ အရောင်းဆိုင်များသာမက နိုင်ငံခြားမှ စက်သုံးဆီ တိုက်ရိုက်တင်သွင်းနေသည့် လက်ကားကုမ္ပဏီကြီးများ၏ ဆိုင်ခွဲများ၌ပင် အောက်တိန်းဓာတ်ဆီ 92 နှင့် 95 များ အရောင်းရပ်နားရသည့်အခြေအနေဖြစ်ပေါ်နေပါတယ်။
ရန်ကုန်မြို့ရှိ မြတ်မေတ္တာမွန်၊ Denko၊ Asia Sun၊ PT Power၊ ငွေဗျိုင်းဖြူနှင့် Max Energy စသည့် ကုမ္ပဏီများမှာ စင်္ကာပူ၊ မလေးရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ စက်သုံးဆီများကို မြန်မာပြည်အတွက် တင်သွင်းနေတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အဆိုပါကုမ္ပဏီတွေရဲ့ ဆီဆိုင်တချို့တောင် ပိတ်ထားတာကို တွေ့ရပါတယ်။
ဆီပန့် လိုင်စင်မရှိတဲ့ လက်လီဆိုင်တွေဆိုရင် စက်သုံးဆီ ခွဲတမ်းမရတဲ့အတွက် ဆိုင်ပိတ်ထားရသလို လိုင်စင်ရှိတဲ့ စက်သုံးဆီဆိုင်ကြီးတွေမှာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူနေရတာလို့ အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုမျိုးသန့်က ပြောပါတယ်။
“ကျနော် ဒီမနက် အင်းစိန်ထဲမှာ ဖြည့်ခဲ့တဲ့ဆိုင်ဆိုရင် သုံးသောင်းဖိုးပဲရောင်းတယ်။ ဆိုင်တွေ တော်တော် များများကတော့ 92/95 ဆို မရတော့ဘူး။ ကျနော်တို့ဆို ဒီဆိုင်မှာ သုံးသောင်းဖိုး ဖြည့်လိုက် နောက်တစ်ဆိုင်မှာ သုံးသောင်းဖိုးဖြည့်လိုက်နဲ့ အဲလိုပဲ လည်ပတ်နေရတယ်”
ဆီလက်ကျန်နည်းနေတဲ့အတွက် ပြည်တွင်းစက်သုံးဆီအရောင်း ခဏရပ်ထားမယ်လို့ စက်သုံးဆီလုပ်ငန်းရှင်များ အသင်းက ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပေမယ့် အဲဒီနေ့မှာပဲ စစ်ကောင်စီက ပြည်တွင်းမှာ စက်သုံးဆီမပြတ်ရအောင် အလုံအလောက်လုပ်ပေးနေတယ်လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
စက်သုံးဆီလုပ်ငန်းအသိုင်းအဝိုင်းအဆိုအရ လက်ကား ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Denko ကုမ္ပဏီ အနေဖြင့် ဆက်လက်ရောင်းချရန် အောက်တိန်းဓာတ်ဆီ 92 နှင့် 95 များ လက်ကျန်နည်းပါးနေသဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ရှိ ဆိုင်ခွဲများကိုသာ ဦးစားပေးရောင်းပေးမည် ဖြစ်ကြောင်းနှင့် နိုင်ငံအနှံ့ရှိ အခြားဒေသမှ ဆိုင်ခွဲပေါင်း ၃၈ ဆိုင်၌ ဆီလက်ကျန်ကုန်ချိန်တွင် အရောင်း ရပ်နားတော့မည်ဖြစ်ကြောင်း စစ်ကောင်စီထံ တင်ပြထားသည်ဟု သိရပါတယ်။
ဧပြီလအတွင်းက ဖြစ်ပွားခဲ့သည့် စက်သုံးဆီခေတ္တပြတ်လပ်မှုဖြစ်စဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့တွင် ပြည်တွင်းလက်ကျန် ဓာတ်ဆီဂါလံ ၄၅ သန်းနှင့် ဒီဇယ် ၇ဝ သန်းရှိတာကြောင့် စက်သုံးဆီပြတ်လပ်မှု လုံးဝမဖြစ်နိုင်ကြောင်း ဧပြီ ၁၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပြည်တွင်း၌ အောက်တိန်းဓာတ်ဆီများကို အကန့်အသတ်မရှိရောင်းချပြီး မကြာမီမှာပင် စက်သုံးဆီလက်ကား ကုမ္ပဏီကြီးများမှာ ဆီမလုံမလောက်ဖြစ်လာသဖြင့် ကုမ္ပဏီအချင်းချင်း ချေးငှားခြင်း၊ ဝယ်ယူခြင်းများဖြင့် ဝေမျှရောင်းချပေးသည့်တိုင် စက်သုံးဆီပြတ်လတ်မှုမှာ ပိုမိုဆိုးရွားလာသဖြင့် ဆိုင်ခွဲများ၌ အရောင်းပိတ်ရသည်အထိ အခြေအနေဆိုးလာခြင်းဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရပါတယ်။
စစ်ကောင်စီလက်အောက်ရှိ နိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းက ရရှိလာသည့် နိုင်ငံခြားငွေမှန်သမျှကို ၂၄ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၈၅၀ ကျပ်နှုန်းဖြင့် ဗဟိုဘဏ်သို့ ပြန်ရောင်းရန်နှင့် ကန်ဒေါ်လာအသုံးပြုလိုသူ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေ ဝယ်ယူခွင့်လျှောက်ထားရမည်ဖြစ်ကာ ခွင့်ပြုချက်ဖြင့်သာ နိုင်ငံခြားငွေ သုံးစွဲခွင့်ပြုမည်ဟု ဧပြီလ ၄ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားမှ မှာယူတင်သွင်းသော စက်သုံးဆီများ ငွေချေရန်အတွက် လုပ်ငန်းရှင်များက ကန်ဒေါ်လာများကို ဗဟိုဘဏ်၌ ဒေါ်လာဝယ်ယူခွင့် လျှောက်ထားသော်လည်း ဗဟိုဘဏ်က ဒေါ်လာအလုံအလောက် ရောင်းမပေးနိုင်ခြင်းကြောင့် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရေးကိစ္စများ အခက်အခဲဖြစ်ရသည်ဟု လုပ်ငန်းရှင်တချို့က ပြောဆိုထားပါတယ်။
လက်ရှိအချိန်တွင် ဗဟိုဘဏ်က ပြည်တွင်းမှာ သုံးစွဲမှုမှန်သမျှကို ကျပ်ငွေဖြင့်သာ သုံးစွဲရမည်ဟု အမိန့်ထုတ်ထားပြီး လက်ထဲရှိသမျှ ဒေါ်လာတွေကို ထိန်းသိမ်းထားတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အခက်တွေ့နေပါတယ်။ မြန်မာ့စက်သုံးဆီ အကျပ်အတည်းဟာ ရေရှည်ဖြစ်လာနိုင်ပြီး သီရိလင်္ကာနိုင်ငံလို စက်သုံးဆီတွေ လုံးဝပြတ်တောက်သွားတဲ့ အခြေအနေ ဖြစ်လာမလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်
Credit – Original Writer