နတ်တလင်းမြို့နယ်က စစ်ရှောင်များ ပဲခူးရိုးမထဲတွင် မိုးများရွာသွန်းမှု့ကြောင့် နေထိုင်ရေး ခက်ခဲလျက်ရှိနေ
မေလ ၂၄ ရက်နေ့။
ပဲခူးရိုးမထဲတွင် လာရောက် ခိုလှုံ နေရသည့် နတ်တလင်းမြို့နယ်မှ စစ်ဘေးရှောင်များ နေထိုင်ရေး အခက်အခဲများစွာ ဖြစ်လျက် ရှိသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောပါသည်။
နတ်တလင်းမြို့နယ် တောင်ညိုဆည် အတွင်းရှိ ညောင်လေးပင်ကျေးရွာ၊ ဂွေ့ကြီးကျေးရွာ၊ သဖန်းချောင်းကျေးရွာနှင့် ဘောကြီးစခန်းတို့ကို ၊
စစ်ကောင်စီတပ်က မေလ ၁၂ ရက်တွင် မီးရှို့ ဖျက်ဆီးခဲ့ ခြင်းကြောင့် ကျေးရွာသားများ ပဲခူးရိုးမထဲသို့ ထွက်ပြေး တိမ်းရှောင် နေရခြင်း ဖြစ်သည်။
လက်ရှိတွင် ပဲခူးရိုးမထဲတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူများ ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ အထူးလို အပ်နေလျက် ရှိပါသည်။
“လိုအပ်နေတာက ရွက်ဖျင်တဲလိုမျိုး ဟာတွေ မိုးကာတွေ လိုမယ်။ ရိက္ခာလည်း လိုတယ်။ လူများလာတော့ ဆေးဝါး စောင့်ရှောက်မှုတွေလည်း လိုတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူက ပြောပါသည်။
စစ်ကောင်စီတပ်သည် ဒေသခံများကို PDF နှင့် ပတ်သက်သည်ဟု ဆိုကာ ဖမ်းဆီးခြင်း ၊ ပစ်သခြင်းများ လုပ်ဆောင်သည်ဟုလည်း ၎င်းက ပြောသည်။
‘’ တစ်ကယ်က ဘယ်သူမှ PDF နဲ့ မပတ်သက်ဘူး။ သူတို့ စဝင်ပစ်တဲ့ နေ့ကဆို တစ်ယောက် ပစ်ခံရလို့ သေတယ်။ နောက်ပြီး သူတို့က အခုရွာမှာ မြေမြုပ်မိုင်းတွေ ထောင်ထားခဲ့ပါသည်။
စစ်ကောင်စီတပ်တွေ ရွာက ထွက်သွားပေမယ့် ဘယ်သူမှ မပြန်ရဲ သေးဘူး။ မြေမြုပ်မိုင်း နင်းမိပြီး ရွာသားတယောက် သေသွားခဲ့သေးတယ်” ဟု ၎င်းက ပြောပါသည်။
ပဲခူးတိုင်းအတွင်း နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် တောထဲရှိ စစ်ရှောင်စခန်းများတွင် ရာသီတုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောခြင်းများနှင့် ယားနာများ ဖြစ်ပွားလျက် ရှိပါသည်။
ပဲခူးတိုင်းတွင် စစ်ကောင်စီတပ်မှ ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် စစ်ရှောင်နေရသည့် စခန်းများမှာ နတ်တလင်းမြို့နယ်တွင် လူဦးရေ ၃၀၀ကျော်၊
ပေါင်းတည်မြို့နယ်တွင် လူဦးရေ ၂၀၀ ကျော်၊ ပေါက်ခေါင်းမြို့နယ်တွင် ဦးရေ ၁၀၀ ကျော်နှင့်၊
တောင်ငူမြို့နယ်တွင် ဦးရေ ၂၀၀ ကျော် ဖြစ်ပြီး စုစုပေါင်း စစ်ရှောင်နေရသူ ဦးရေ ၁,၀၀၀ နီးပါး ရှိနေပါသည်။
စစ်ကောင်စီ တပ်များသည့် PDF နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာ အနီးတဝိုက်မှ ကျေးရွာများကို PDF နှင့်၊
ပတ်သက်သည်ဟု ဆိုကာ အကြောင်းမဲ့ မီးရှို့ခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်းနှင့် ပစ်သတ်မှုများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။