အနာဂါတ်ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးအတွက် ပြည်သူများအကြား၊ ခေါင်းဆောင်များအကြား သတိကြီးစွာ စည်းလုံးညီညွတ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
မေ ၂၄ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါသည်။
အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ” ပြည်သူတစ်ရပ်လုံး ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ နွေဦး တော်လှန်ရေးဟာ အခုဆိုရင် ဒုတိယနှစ်အတွင်းကို ရောက်ရှိနေပါပြီ။
ရက်စက် ကြမ်းကြုတ်လွန်းတဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုမျိုးစုံကို ခံနေကြရပေမယ့် အားမလျှော့စတမ်း နည်းလမ်းမျိုး စုံနဲ့ ဆင်နွှဲနေကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကတော့ သမိုင်းမှာမှတ်တမ်းတင်ရမယ့် စိတ်ဓာတ်တွေပဲဖြစ်ပါသည်။
ပြည်သူတစ်ရပ်လုံးက အားလျော့သွားခြင်းမရှိဘဲ ကြိုးစားတွန်းလှန်နေကြ သလိုတော်လှန်ရေးမှာ တာဝန်ကိုယ်စီယူထားကြတဲ့ ကျွန်တော်တို့တာဝန်ရှိသူတွေကလည်း ကဏ္ဍစုံက နေမလစ်ဟင်းရအောင် ကြိုးစားဆောင်ရွက်နေကြကြောင်း ပြောကြားလိုပါသည်။
အမျိုးသား ညီညွတ် ရေးအစိုးရအနေနဲ့ ဝန်ကြီးဌာနများအလိုက်၊ ကော်မရှင်၊ ကော်မတီများအလိုက် တော်လှန်ရေးအောင် မြင်နိုင်ဖို့ တွန်းအားပေးလုပ်ဆောင်ရမယ့် ကိစ္စမှန်သမျှ ကြိုးစားစီမံ ဆောင်ရွက်နေကြပါသည်။
ဒီလိုပဲ NUCC ဆိုရင်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် JCC များ ဖွဲ့စည်းကာ စီမံဆောင်ရွက်နေသလို CRPH အနေနဲ့လည်း နိုင်ငံတကာအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးပြီးတော်လှန်ရေးကို အထောက်အပံ့ဖြစ် စေနိုင်ဖို့ ကြိုးစားစီမံနေတာတွေ၊ တော်လှန်ရေးကာလအတွင်း အသုံးပြုရမယ့် ဥပဒေတွေ၊ မူဝါဒတွေကို NUCC ၊ NUG တို့နဲ့ ပူးပေါင်းပြီး စီမံနေတာတွေ အားလုံးသိရှိပြီးသားဖြစ်မှာပါ။” လို့ ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးတော့လည်း ” ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ စစ်အာဏာ သိမ်းပြီးကတည်းက တော်လှန်ရေးကို အောင်မြင်အောင်ကြိုးပမ်းနိုင်ကြဖို့ CRPH ၊ NUCC ၊ NUG စသဖြင့် အဖွဲ့အစည်းအသီးသီးမှာ တာဝန်ထမ်းဆောင် နေကြပါသည်။
သောင်းကျန်းသူ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှု့များကို မျက်ဝါးထင်ထင် နေ့စဉ်ခံစားနေကြရတဲ့ ပြည်သူတစ်ရပ်လုံးကလည်း တော်လှန် ရေးလမ်းစဉ်အပေါ်မှာ ကျနော်တို့ တော်လှန်ရေးဦးဆောင်အဖွဲ့များနဲ့အတူ အပြည့်အဝ ရပ်တည်ပံ့ပိုးကူညီ နေကြတာကိုလည်း အားလုံးသိရှိပြီးဖြစ်ပါသည်။
ယခုလို နိုင်ငံရေးအရ အင်မတန် အကဲဆတ်ပြီး အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် အလွန်နီးစပ်နေတဲ့ကာလမှာ ပြည်သူများ အကြား၊ ခေါင်းဆောင်များအကြား သတိကြီးစွာ စည်းလုံးညီညွတ်သွားကြဖို့လိုပါသည်။
ဒါကြောင့် ပြည်သူ့ဆန္ဒနဲ့ မသွေဖယ်ဘဲ၊ စစ်အာဏာရှင်တို့နဲ့မပူးပေါင်းဘဲ တော်လှန်ရေးကို နိုင်ရာကဏ္ဍဘက်က ပါဝင်ဆောင်ရွက်နေကြတဲ့ ပါတီအသီးသီး၊ အစုအဖွဲ့အသီးသီးတို့ရဲ့ နိုင်ငံရေး၊ တော်လှန်ရေး ရပ်တည် ချက်များကို တစ်ခါတရံ ရှုမြင်သုံးသပ်ပုံများ မတူညီကြဘူးဆိုရင်တောင် အပြန်အလှန် လေးစားကြ ရမှာဖြစ်ပါသည်။
တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့ တော်လှန်ရေးကို အသက်တွေ၊ ဘဝတွေ ပေးရင်း တိုက်ပွဲဝင်နေတဲ့ ပြည်သူတစ်ရပ်လုံးကိုလည်း ပြောပြလိုတာကမိမိတို့ အမျိုးသားညီ ညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအပေါ် အပြည့်အဝ အားထုတ်ကြိုးပမ်းရင်း အဆုံးအထိ အောင် မြင်အောင် ဆောင်ရွက် သွားမယ်ဆိုတာပါပဲ။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါသည်။
ဒါအပြင် ‘ဒီတစ်ပတ်အတွင်း ပြည်တွင်းကဏ္ဍအနေနဲ့ အားစိုက်လုပ်ဆောင်ဖြစ်ကြတာကတော့ ကြား ကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီအနေနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား ပြုကော်မတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အစည်းအဝေးတွေပဲ ဖြစ်ပါသည်။
တိုင်းလွှတ်တော် (၇) ခုနဲ့ တွေ့ဆုံခဲ့ပြီး မတူညီတဲ့ နယ်မြေဒေသအလိုက်လိုအပ်ချက်တွေ၊ ပူးပေါင်းဆောင်ရွက်ကြရမှာတွေ၊ အားဖြည့် လုပ်ဆောင်ရမှာတွေ တိုင်ပင်ဆွေးနွေးကြပြီး စိုးမိုးထိန်းချုပ်နယ်မြေတွေ ပိုမိုပေါ်ပေါက် နိုင်ဖို့၊ လက်ရှိစိုးမိုးပြီးသား နယ်မြေတွေမှာ စီမံခန့်ခွဲမှုတွေ ပိုမိုအားကောင်းနိုင်ဖို့ စသဖြင့် အတော်လေး ဆွေး နွေးဖြစ်ခဲ့ကြပါသည်။
တိုင်းဒေသကြီး လွှတ်တော်တွေဘက်က ဆွေးနွေးချက်တွေကိုလည်း သက်ဆိုင် ရာဝန်ကြီးဌာနများက သေသေချာချာ စီမံအကောင်အထည်ဖော်ပေးဖို့လည်း တိုက်တွန်းလိုပါတယ်’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြာခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်ထဲရေးဝန်ကြီးဌာနကအနေနဲ့ ကြားကာလအုပ် ချုပ်ရေး ကိစ္စတွေကို အထူးအလေးပေးကြပ်မတ်လုပ်ဆောင်ဖို့ တိုက်တွန်းထားသလို၊
စိုးမိုးထိန်းချုပ် နယ်မြေတွေမှာ ကောင်းမွန်စွာစီမံအုပ်ချုပ်နိုင်ရေးအတွက် အားစိုက်လုပ်စေချင်တယ်ဆို တာနဲ့ အစိုးရဘက်ကလည်း ခုခံကာကွယ်စစ်ဘက်ကို မလစ်ဟင်းစေရေး လုပ်ဆောင်ရင်း ထိန်းချုပ်နယ် မြေတွေဘက်မှာ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးကဏ္ဍတွေ စနစ်တကျပူးပေါင်းလုပ်ဆောင်ရင်း တော်လှန်ရေးအရှိန်မြှင့်ရမှာဖြစ်တယ်လို့ ပြောကြားထားပါသည်။
အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများအ တွက် ရန်ပုံငွေတောင်းခံဖို့ တင်ပြဆွေးနွေးတာတွေပြုလုပ်ခဲ့ကြပါသည်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာ တွေကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သလို အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။