ပြင်ဦးလွင် စစ်ကောင်စီခန့် အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး လက်ဖက်ရည်ဆိုင်ထိုင်စဉ် “အုပ်ကြီး” ဟု ခေါ်သံကြောင့် “ဟေ” ပြန်ထူးစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊
ရန်ကုန်တွင် မီတာခပေးရန် ပြောဆိုသူ သားအဖ ၂ ဦး အပစ်ခံရပြီး ၁ ဦးသေဆုံး၊ မြစ်သားတွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးနှင့်စစ်တပ်ထောက်ခံသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မေ ၂၃
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ယနေ့ စစ်ကောင်စီခန့် အောင်ချမ်းသာ ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်နိုင်(ခ) အောင်သန်း လက်ဖက်ရည်ဆိုင်ထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသ ခံများထံမှ သိရှိရသည် သိရှိရသည်။
ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ပြင်ဦးလွင်မြို့နယ်၊ စစ်ကောင်စီခန့် အောင်ချမ်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်နိုင်(ခ) အောင်သန်းသည် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် အနောက်မှ လူတစ်ဦး “အုပ်ကြီး” ဟု အော်ခေါ်သဖြင့် “ဟေ” ပြန်ထူးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း၊ ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်နိုင်(ခ) အောင်သန်းသည် အသက် ၇၄ နှစ်အရွယ်ရှိနေပြီဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရသူဖြစ်ကြောင်း သိရှိရသည်။
“စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် (ပြည်သူများကို စစ်ကောင်စီအလိုကျ ဖမ်းဆီး အနိုင်ကျင့် ဖိနှိပ် အုပ်ချုပ်သူ) အောင်နိုင်(ခ) အောင်သန်းကို အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ကျည် ၅ တောင့်ဖြင့် လက်ဖက်ရည်ဆိုင်တွင် ရှင်းလင်းသုတ်သင်ခဲ့သည်။ နောက်နောင်တွင် အောင် ချမ်းသာကျေးရွာ အတွင်း စစ်ခွေးများနှင့် ပူးပေါင်းကာ ပြည်သူများကို အနိုင်ကျင့် ဖိနှိပ် သတင်းပေးနေပါက ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်” ဟု အထူးတိုက်ခိုက်ရေး အဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။
အလားတူ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် ပြည်သူများ မီတာခပေးဆောင်ရန် စစ်တပ်နှင့်အတူ လိုက်လံ ဖိအားပေးပြောဆိုသူ သားအဖ ၂ ဦးကို မြို့ပြ ပြောက်ကျားတပ်ဖွဲ့(From Zero to Hero)က ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်သည်။
ယနေ့မေလ ၂၃ ရက်နေ့ နံနက် ၁၀နာရီ ၄၅မိနစ်ခန့်အချိန် ထန်းတပင်မြို့နယ်၊ ရိုးခွကျေးခွနှင့်အေးရွာလေးကျေးရွာအကြားတွင် စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြသည့် သောင်းမြင့်နှင့် သားဖြစ်သူ သက်ဇင်ဆိုသူတို့ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ သောင်းမြင့်ဆိုသူမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားပြီး ၎င်း၏သားဖြစ်သူမှာ သေနတ်ဒဏ်ရာတစ်ချက်ရ၍ ရေမြောင်းထဲထိုးဆင်းသွားပြီး ယခုချိန်ထိ မပေါ်လာသေး၍ သေဆုံးမှုအား အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မန္တလေးတိုင်း မြစ်သားမြို့နယ်တွင် ကြံခိုင်ရေးစည်းရုံးရေးမှူးအဖြစ်လည်းကောင်း၊ သတင်းပြန်ကြားရေးအဖြစ်လည်းကောင်း၊ မြစ်သားမြို့စစ်ကြောရေးစခန်းတွင်လည်းကောင်း ၊ စစ်တပ်မှ စရဖဗိုလ်၏ကြိုးဆွဲရာ လက် ကိုင်တုတ်အဖြစ်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ပေးနေသော မကျည်းကန်ကျေးရွာမှ ဉာဏ်ဆောင်ကို မေလ ၁၂ရက်နေ့ ညနေခင်းအချိန် မြစ်သားမြို့နယ် သစ်တက်ကုန်းရွာအဝင်လမ်းဘေးပစ်ခတ်ဖြတ်ရာ သေဆုံးကြောင်း သေမင်းတမန်ပျောက်ကြားအဖွဲ့က သတင်းထုတ်ပြန်သည်။
သေတမန်း ပျောက်ကြားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် မကျည်းကန်ကျေးရွာမှ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဉာဏ်ဆောင်ကို ပါတီရပ်တည်မှု ကွဲပြားချက်ကြောင့်မဟုတ်ဘဲ ထိန်းသိမ်းခံရတဲ့ပြည်သူများထံမှာ မတရားငွေညှစ်ကာ စစ်တပ်ကို ထောက်ပံ့ ကူညီပေးခြင်း၊ မြစ်သားမြို့ စစ်ကြောရေးဖက်ဆစ်စခန်း၏ လက်ကိုင်တုတ်အဖြစ် အပြစ်မဲ့ ပြည်သူများအပေါ် မတရားသဖြင့် ညှဉ်းပမ်းစေရန် ကူညီပေးခြင်း အစရှိသည့် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နေခြင်းကြောင့် ရှင်းလင်းပြောဆိုထားသည်။
သက်ဆိုင်ရာ ဒေသတပ်ဖွဲ့များက ရှင်းလင်းလိုက်သည်ဆိုသော သူများသည် အမှန်တကယ် လက်တွေ့တွင် စစ်တပ်နှင့်အတူ ပူးပေါင်းပါဝင်ခြင်းရှိ၊ မရှိ ၊ သတင်းပေးများ ဟုတ်၊ မဟုတ်ကို ရန်ကုန်ခေတ်သစ်အနေဖြင့် မြေပြင်တွင် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။
ဓာတ်ပုံ- ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွား ပြင်ဦးလွင်၊ အောင်ချမ်းသာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်နိုင်(ခ) အောင်သန်း။
Credit Original writer