စစ်ဘေးသင့် ကရင်နီပြည်အတွက် အားအင်ဖြစ်စေတဲ့ ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်

News

စစ်ဘေးသင့် ကရင်နီပြည်အတွက် အားအင်ဖြစ်စေတဲ့ ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် (သို့) မွေထိုင်း နံပါတ် ၁ ဖြစ်ချင်တဲ့ ဘရော်နီကာမိုင်းစောလွင်

မြန်မာလက်ဝှေ့မယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ ပြီးခဲ့တဲ့ မွေထိုင်းပြိုင်ပွဲမှာ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြိုင်ဘက်ကို အလဲထိုးအနိုင်ရရှိခဲ့ပါတယ်။ပြိုင်ပွဲအပြီးမှာတော့ သူရဲ့ မွေထိုင်းအဆင့်သက်မှတ်ချက်ဟာ အဆင့် ၉ နေရာကနေ အဆင့် ၂နေရာအထိ ရောက်ရှိလာခဲ့ပါတယ်။

” ကျွန်မရဲ့ ဝိတ်တန်းမှာ နံပါတ် ၁ ဖြစ်အောင်လုပ်မယ်။ မွေထိုင်းနံပါတ် ၁ ဖြစ်ချင်တယ်။ ပြီးတော့ပြိုင်ဘက်ကင်း ကစားသမားဖြစ်ချင်တယ် ” လို့ ဘရော်နီကာက သူ့ရည်မှန်းချက်တွေကို ပြောပါတယ်။မြန်မာ့ရိုးရာလက်ဝှေ့ အကြီးတန်းချန်ပီယံတစ်ယောက်ဖြစ်တဲ့ ဘရော်နီကာဟာ အခုမွေထိုင်းလောကထဲဝင်လာတဲ့ ကာလတိုအတွင်းမှာလည်း ရလဒ်ကောင်းတွေ ရရှိနေတာပါ။

စစ်ရှောင်နေရတဲ့ ဇာတိမြေက မိဘတွေလက်ရှိအာဏာသိမ်းကာလမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို စစ်ဘေးသင့်ဒဏ်အများဆုံးခံနေရတဲ့ ကရင်နီပြည်မှာ ဘရော်နီကာတို့ရွာမှာနေထိုင်သူတွေရော၊ မိဘတွေကပါ စစ်ဘေးရှောင်နေကြပါတယ်။ဘရော်နီကာကတော့ မိဘတွေရဲ့ဆန္ဒအရဘေးလွတ်ရာကို ရှောင်တိမ်းရင်း ထိုင်းနိုင်ငံမှာ သူရဲ့ဝါသနာ အိပ်မက်တွေကို အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

” မိဘတွေက မြန်မာမှာမရှိရင် နင့်အတွက်ပိုကောင်းတယ်။ သူတို့ကို စိတ်မပူနဲ့ လုပ်စရာရှိတာ အကောင်းဆုံးလုပ်တဲ” စစ်ရှောင်နေရတဲ့ မိဘတွေရဲ့သဘောထားကို ဘရော်နီကာကပြောပါတယ်။ထိုင်းမြေမှာ ငါးလကြာဘရော်နီကာဟာ ထိုင်းနိုင်ငံမှာနေပြီး လက်ဝှေ့လေ့ကျင့်နေတာဟာ ၅ လလောက်ရှိနေပြီး အစပိုင်းမှာ အတော်အခက်အကြုံခဲ့ရပါတယ်။

” အခက်အခဲတွေက အများကြီးပဲ ။ အစပိုင်းမှာ လေ့ကျင့်ဖို့ ပိုက်ဆံပေးရတာ တစ်လကို မြန်မာငွေ ၇ သိန်းကျော်လောက်ကုန်တယ်။ အခုလည်း ခက်ခဲနေတုန်းပဲ ကိုယ့်စရိတ်နဲ့ကိုယ် နေရစားရတော့ ပိုက်ဆံပိုင်းက အကုန်အကျများနေတယ်” လို့ ပြောပါတယ်။ထိုင်းမှာ လေ့ကျင့်နေတဲ့ ၅ လလောက်အတွင်းမှာ ဘရော်နီကာဟာ မွေထိုင်း ၄ ပွဲ ယှဉ်ပြိုင်ထိုးထားပြီးလည်း ဖြစ်ပါတယ်။

ယှဉ်ထိုင်းထိုးသတ်ထားခဲ့တဲ့ မွေထိုင်း ၄ ပွဲမှာ တစ်ပွဲသာရှုံးပြီး သုံးပွဲအနိုင်ရလဒ်ကို ရရှိခဲ့ပါတယ်။၅၃ ကီလိုတန်းမှာ ထိုးသတ်နေတဲ့ ဘရော်နီကာဟာ အခုနောက်ဆုံး နှစ်ပွဲမှာတော့ ပြိုင်ဖက်ရှားပါးမှုကြောင့် သူ့ထက် ဝိတ်တန်းကြီးသူတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရတယ်လို့ ပြောပါတယ်။ဒါပေမယ့်ဘရော်နီကာဟာ အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ပြီး ယှဉ်ပြိုင်ခဲ့တာကြောင့် နိုင်ပွဲတွေဆက်တိုက်ရရှိခဲ့ပါတယ်။

အခုလ ၁၇ ရက်က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ Thai Fight ပြိုင်ပွဲမှာ ဘရော်နီကာဟာ ပြိုင်ဘက် ထိုင်းလက်ဝှေ့မယ် Yim Siam ကို ပထမအချီ ၃၉ စက္ကန့်အတွင်းမှာပဲ အလဲထိုးအနိုင်ရရှိခဲ့ပါတယ်။ပွဲစစချင်းဘရော်နီကာရဲ့ ထောက်လက်သီးချက်မျက်နှာကို ထိမှန်ပြီး ပစ်လဲသွားတဲ့ Yim Siam ကို ဒိုင်က တိုင်ပင်ခေါပြီး ပြန်တည်ခဲ့ရပါတယ်။

ပွဲပြန်အတည်မှာ ဘရော်နီကာက မနားတမ်းတွဲလုံးတွေနဲ့ထိုးသတ်ခဲ့ရာမှာ Yim Siam ဟာ ဝမ်းဗိုက်နဲ့ မျက်နှာတွေကို ဆက်တိုက်ထိမှန်ပြီး ကြိုးဝိုင်းပေါ်က ကတ်နဲ့ထမ်းထုတ်သွားခဲ့ရပါတယ်။

ကရင်နီပြည်အတွက် ကြိုးဝိုင်းအတွင်းက ယှဉ်ပြိုင်မှုများလက်ရှိကရင်နီပြည်မှာ ကြုံနေရတဲ့စစ်ဘေးတွေ၊ မိဘတွေ စစ်ရှောင်နေရတဲ့အခြေအနေတွေ နဲ့ ထိုင်းမှာကြုံနေရတဲ့ အခက်အခဲတွေက ပြိုင်ပွဲကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ တွန်းပို့သလိုပဲလို့ ဘရော်နီကာက ပြောပါတယ်။

” မိဘတွေကလည်း စစ်ရှောင်နေကြရတယ်။ ကိုယ်ဒေသရဲ့ ဒုက္ခတွေကတစ်ဖက် ဒီဘက်ကငွေရေးကြေးရေး အခက်အခဲတွေက တစ်ဘက်စဉ်းစားရင်တော့ စိတ်ညစ်စရာတွေချည်းပဲ ” လို့ပြောပါတယ်။စစ်ဘေးဒဏ်ခံနေရတဲ့ မွေးရပ်မြေအတွက် စိတ်ပူပင်မှု၊ စိတ်မချမ့်မြေ့မှု ဖြစ်နေရတဲ့ အခြေအနေ၊ ထိုင်းမှာ နေထိုင်စားသောက်ရေးအတွက် ခက်ခဲတဲ့ အခြေအနေတွေမှာ ကြိုးစားနေတဲ့ ဘရော်နီကာဟာ အောင်မြင်မှု အသီးအပွင့်တွေကိုတော့ စတင်ရရှိလာပါပြီ။

ပြိုင်ပွဲတွေမှာ ရလဒ်တွေကောင်းလာပြီးအောင်မြင်မှုရရှိလာတာတွေကြောင့် လက်ရှိလေ့ကျင်နေတဲ့ အားစကားရုံမှာ အခကြေးငွေ ပေးစရာမလိုဘဲ စိတ်ကြိုက် လေ့ကျင်နိုင်ပြီလို့ ဆိုပါတယ်။ဒါအပြင် Thai Fight နဲ့လည်း နှစ်ချုပ် စာချုပ်တွေ ချုပ်ဆိုထားနိုင်ပြီး တစ်နှစ်ကို ၈ ပွဲလောက် ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။

” တစ်နှစ် ကို ၈ ပွဲလောက်ထိုးရမယ်။ တကယ်လို့ Thai Fight ပွဲမရှိဘူး ပွဲဝေးနည်းနည်းဝေးရင် အခြားပွဲလည်းထိုးလို့ရတယ်။ ဒါပေမဲ့ သူတို့ကို အရင်ပြောပြရမှာပေါ့နော် “လို့ စာချုပ်ပါ အချက်တချို့ကို ပြောပါတယ်။

ထိုင်းမှာ လက်ဝှေ့အဖွဲ့အစည်းတွေက အများအပြားရှိနေပြီး လက်ရှိမှာ လက်ဝှေ့အဖွဲ့အစည်းတစ်ခုရဲ့ အဆင့်သက်မှတ်ချက်မှာ အဆင့် ၂ နေရာကို ရရှိထားပေမယ့် ထိုင်းနိုင်ငံရှိ နာမည်ကြီးကစားသမားတွေကို အနိုင်ယူပြီး မွေထိုင်းရဲ့ နံပါတ် ၁ ပြိုင်ဘက်ကင်း ကစားသမားဖြစ်ရမယ်လို့ ဘရော်နီကာက ပြောပါတယ်။
သုံးပွဲဆက်တိုက် နိုင်ပွဲရထားတဲ့ ဘရော်နီကာဟာ နောက်လ မေလ ၈ ရက်မှာထပ်မံယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပြီး ပြိုင်ဘက်ကို မသိရသေးဘူးလို့ ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ်ထဲ ရောက်ရှိလာပြီဖြစ်တဲ့ ဘရော်နီဟာ သူရဲ့ရည်မှန်းချက်တွေကို အရွယ်ရှိတုန်း အပြည့်အဝရယူသွားနိုင်ဖို့ အပြင်းအထန်လေ့ကျင့်ရင်း စစ်ဘေးသင့်ဘဝကနေရုန်းထွက်နိုင်မယ့် ကရင်နီပြည်နယ်ရဲ့ အနာဂတ်ကို မျှော်လင့်နေပါတယ်။

crd

Leave a Reply

Your email address will not be published.