ဆားလင်းကြီး ကျားတက်တိုက်ပွဲ စခန်းမသိမ်းနိုင်ပေမယ့် စကစ (၁၀)ယောက် သေပြီး သေနတ်တစ်လက် ရရှိ၊
ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံး၊
MFP ၊ အောက်တိုဘာ – ၅
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းကို အောက်တိုဘာ(၂)ရက် မနက်ပိုင်းက စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ရာ လေကြောင်းပစ်ကူလာလို့ စခန်းမသိမ်းနိုင်ခဲ့ပေမယ့် တိုက်ပွဲအတွင်း စကစ (၁၀)ယောက် ထက်မနည်း (G-2)သေနတ်တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ Salingyi Special Task Force (SSTF) က သတင်း ထုတ်ပြန်ပါတယ်။
အောက်တိုဘာ(၂)ရက်၊ မနက်(၆)နာရီကနေ (၁၁)နာရီကျော်အထိ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို Salingyi Special Task Force (SSTF)၊ မြိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း (၂)၊ ရေစကြို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မြန်မာ့တော်ဝင် နဂါးတပ်တော် (M.R.D.A) ညီနောင် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ငါးနာရီကျော်ကြာ စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အစောပိုင်း စစ်ကြောင်း(၁)၏ စွမ်းဆောင်မှုဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်စခန်းမှ အနည်းဆုံး ငါးယောက်ကို အင်အားလျှော့ချနိုင်ခဲ့ပြီး (G-2) တစ်လက် သိမ်းဆည်းနိုင်ခဲ့ပါသည်။ စစ်ကြောင်း (၂) ၏ စွမ်းဆောင်မှုဖြင့် စခန်းထဲမှ ဘန်ကာ သုံးခုကို (လက်နက်)အကြီးများဖြင့် အနီးကပ် ပစ်သွင်းနိုင်ခဲ့ပြီး ဖိအားပေးနိုင်ခဲ့ပါသည်။ စစ်ကောင်စီ စခန်းမှ ရှေ့ထွက် ဘန်ကာများ၊ စက်အထိုင် နှစ်ခုမှ တစ်ခု ကျသွားပြီး အများအပြား ထိခိုက်အောင် လုပ်နိုင်ခဲ့ပါသည်” လို့ SSTF က ဖော်ပြပါတယ်။
ကျားတက်စခန်း ရှေ့မျက်နှာစာက တိုက်ခိုက်မှုမှာ အထိနာတဲ့ စစ်အုပ်စုဟာ စခန်းအနောက်ဘက်က ဘန်ကာတွေထဲ တွားသွားကာ စုဝေးသွာခဲ့ပြီး စခန်းသိမ်းနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေချိန် စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လေကြောင်း ပစ်ကူလာလို့ ရဲဘော်တွေ ပြန်လည် ဆုတ်ခွာ ခဲ့ရတယ်လို့ ဆိုပါတယ်။
“ညီနောင်မဟာမိတ်အဖွဲ့များမှ ကျားတက်စခန်းကို အပြီးသတ် သိမ်းယူနိုင်ရန် ငါးနာရီကျော်ကြာ မီးကုန်ယမ်းကုန် ကြိုးစားခဲ့ပါသည်။ ညီနောင် မဟာမိတ်အဖွဲ့များ၏ စွမ်းဆောင်ရည်ဖြင့် စခန်းတွင်းမှ စကစနှင့် လှရွှေ အင်အားအများစုကို လျှော့ချနိုင်ခဲ့ပြီး ဘန်ကာ နှစ်ခုခန့် အကျန်၊ သိမ်းပိုက်လုဆဲဆဲတွင် မုံရွာ နမခ မှ (Mi-35) နှစ်စီး ဝေဟင်မှ စစ်ကူလာသောကြောင့် မဟာမိတ်တပ်ပေါင်းစုများ ဆုတ်ခွာခဲ့ရပါသည်” လို့ SSTF က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ တိုက်ခိုက်ခံရတဲ့ အောက်တိုဘာ(၂)ရက်မှာ ကျားတက်ရဲစခန်းထဲ (Mi-35) ကာကွယ်မှုနဲ့ (Mi-17) တစ်စီး စကစ အင်အား (၂၀) ခန့်၊ အောက်တိုဘာ (၃)ရက်မှာလည်း (Mi-35) ကာကွယ်မှုနဲ့ (Mi-17) တစ်စီး အင်အား (၂၀)ခန့် ထပ်မံ အင်အားဖြည့်ထားတယ်လို့ ဆိုပါတယ်။
“အသေးစိပ် အတည်မပြုနိုင်သော်လည်း စခန်းတွင်းမှ စကစနှင့် လှရွှေ (၁၀)ဦးခန့် ကိစ္စချောပြီး အနည်းဆုံး (၁၈) ဦးခန့် ထိခိုက်ဒဏ်ရာရပြီး (Mi-17) ဖြင့်ပင် တပါတည်း ခေါ်ဆောင်ပြီး စစ်ဆေးရုံတွင် ဆေးကုသပေးနေသည်ဟု သိရှိရပါသည်” လို့ SSTF က ဖော်ပြပါတယ်။
ဆားလင်းကြီးနယ်၊ ကျားတက်စခန်း စီးနင်းတိုက်ခိုက်မှုအတွင်း MRDA တပ်ဖွဲ့ဝင် ရဲဘော် သုံးဦး၊ မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦး၊ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦး ၊ စုစုပေါင်း ငါးဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး နှစ်ဦး ကျဆုံးတယ်လို့ ဆိုပါတယ်။
“SSTF အဖွဲ့မှ ရဲဘော် ပိန္နဲစေ့ နှင့် ရေစကြို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ဝလုံးတို့ အနာဂါတ် Federal Democracy နိုင်ငံတော် ပေါ်ပေါက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပါသည်” လို့ SSTF က ဖော်ပြပါတယ်။
စစ်အုပ်စုကို ဆက်လက် တိုက်ခိုက်နိုင်ရန်နှင့် စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ အများပြည်သူ အနေနဲ့ Salingyi Specail Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ရေစကြို ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ MRDA စတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကို ကူညီပံ့ပိုးပေးဖို့ မေတ္တာရပ်ခံကြောင်းလည်း SSTF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရုပ်သံကြည့်ရန်???
ခရက်ဒစ်ဗီဒီယို