UK မှာ တစ်ဆောင်းသစ်ပြန်ပြီ။

News

ဒီနေ့ကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ဆိုတဲ့ ဇာတ်လမ်းတိုလေး သွားကြည့်ခဲ့တယ်။ ခံစားချက်တွေအများကြီးရခဲ့တယ်။

ဇာတ်လမ်းလေးကတော့ ကိုပေါက်သူ့လက်ရှိပတ်ဝန်းကျင်မှာ ကြားသိတွေ့ကြုံရတွေ့အဖြစ်အပျက်မှန်တွေကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ ဇာတ်လမ်းတိုလေးပေါ့။


ကိုပေါက်ရှင်းပြပုံအရဆို ရုပ်ရှင်နဲ့ရင်းနှီးဖို့မပြောနဲ့ ရုပ်ရှင်သမားတွေနဲ့တောင် မသိတဲ့ တောထဲက တော်လှန်ရေးသမားတွေနဲ့ရိုက်ထားတဲ့ဇာတ်လမ်းတိုလေး၊ ရည်ရွယ်ချက်ကောင်းသလို တင်ပြပုံလည်းထိမိပါတယ်။

ဇာတ်လမ်းကတော့ ကြိုမပြောတော့ဘူး နောက်တော့လည်း အားလုံးကြည့်ကြရမှာပဲ။ ယူကေက အများပြည်သူကို ပထမဆုံးစပြတဲ့ပွဲဆိုတော့ ကြိုပြီး စကားဦးမသန်းချင်တော့ဘူး။

ဇာတ်လမ်းပြီးတော့ ကိုပေါက်နဲ့ ဗီဒီယိုကောလ်ပြောကြတယ်။ သူလည်းပျော်နေတယ် ရင်တွေလည်းခုန်နေတယ်တဲ့။ အာဏာမသိမ်းခင် ကိုဗစ်ကာလတုန်းက မလုပ်ဖြစ်တဲ့ အကယ်ဒမီမှာ တစ်ပြေးခဲ့တဲ့ သူရိုက်တဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ဆိုတဲ့ ကားတုန်းကလိုပဲ သူဒီနေ့ရင်ခုန်နေပါတယ်တဲ့။


ဒီမှာ လူလေးရာကျော် လာတယ်လို့ကြားရပါတယ်။ လုပ်တဲ့ ခန်းမနေရာအပြည့်ပါပဲ။ လက်မှတ်ဝယ်ပြီး ပြီးပြီးရောမထားပဲ စိတ်ဝင်တစားလာကြည့်ကြလို့ သူပျော်ပြီး ငိုသံတွေပါတွေပါလာလို့ ဒီဖက်ကလူတွေက ကိုပေါက် ငိုချလိုက် ငိုချလိုက်ဆိုပြီး အားပေးနှစ်သိမ့်ကြပါတယ်။

ပြီးတော့ သူနဲ့အမေးအဖြေ လေးလုပ်ကြတော့ မှတ်မှတ်ယယ သူဘာလို့အခုမှ ရိုက်ဖြစ်တာလည်း ဆိုတဲ့ အကြောင်းလေးပြောပြသွားပါတယ်။ သူတို့အနုပညာသမားဆိုတာ ဖန်တီးယူ ခံစားယူပြီး ပြန်လည်တင်ပြရတာပါတဲ့။ ဒါပေမဲ့ သူလွတ်မြောက်နယ်မြေကို ရောက်ပြီး တစ်ကယ်ခံစားခဲ့ရသူတွေနဲ့ နဖူးတွေ့ဒူးတွေ့တွေ့ပြီး သူတို့ရဲ့ ခံစားခဲ့ရတဲ့ ဆိုးရွားလွန်းလှတဲ့ ဘဝတွေကို နားနဲ့ဆတ်ဆတ်ကြားရတော့ အဲ့ဒီခံစားချက်အစစ်တွေကို ပြန်လည်ဖန်တီးဖို့ မလွယ်ကူတော့ဘူးတဲ့။ အဲ့ဒီလိုနဲ့ နယ်မြေသစ် လူစိမ်းတွေနဲ့ ခံစားချက်အသစ်တွေကြားမှာ သူအနုပညာဖန်းတီးဖို့ မတတ်နိုင်ခဲ့ပါဘူးတဲ့။

ရန်ပုံငွေကတော့ ဇာတ်လမ်းအတွက် လက်မှတ်ရောင်းရရုံတင်မဟုတ်ပဲ ကိုပေါက်နဲ့ လိုက်ဖ်ပြောနေရင်း နဲ့ ခန်းမထဲမှာ အလှုငွေလိုက်ကောက်ပါတယ်။ ကိုလည်း နိုင်သလောက် မောင်နှစ်မနှစ်ယောက် တစ်ယောက်ဆယ်ပေါင်ဆီထည့်လိုက်ပါတယ်။ အကုန်လုံးထည့်ကြပါတယ်။ ငွေသားမပါတဲ့သူတွေ ကဒ်နဲ့ လှုလို့ရအောင် စီစဥ်လာတဲ့ ပွဲစီစဥ်သူတွေလည်း ထောင့်စေ့ကြပါတယ်။


အဲ့ဒီမှာ အလှုငွေက ပေါင်၁၉၀၀ ရတယ်ကိုပေါက်ရေလို့ ကြေငြာပေးတော့ သူအရမ်းပျော်သွားပါတယ်။ အဲ့ဒါနဲ့ ပွဲစီစဥ်သူတွေက ၁၉၀၀ ဆိုတော့ ၂၀၀၀ ထောင်ဖြစ်အောင်တစ်ရာ ထပ်မဖြည့်ချင်ကြဘူးလားဆိုတော့ အလုအယက် ဝိုင်းထည့်ကြပြန်ပါတယ်။ အဲ့ဒီမှာ ကိုပေါက်ကြီး အတော်လည်း အံ့သြပြီး အတော်လည်း ပျော်နေပါတယ်။

ကိုပေါက်က ဂစ်တာတီးပြီး သီချင်းတွေဆိုပြပါတယ်။ ကိုမင်းကိုနိုင်ရေးတဲ ဧရာဝတီဆိုတဲ့ သီချင်းကို အခုမှကြားဖူးပေမဲ့ တော်တော်နားထောင်လို့ကောင်းပါတယ်။ ကိုပေါက်ကိုယ်တိုင် ဒီ မသောက်မိသောမိုးခါးရေအတွက် ရေးထားပြီး မထည့်ဖြစ်တဲ့ သီချင်းလေးလည်း ကောင်းပါတယ်။

အဲဒီမှာ ခုနတုန်းက ပေါင် ၂၀၀၀ ပြည့်အောင် ကောက်နေတဲ့ အလှုငွေစာရင်း ထွက်လာပါတယ်။ ပေါင် ၃၀၀၀ ထောင်ရသွားပါတယ်တဲ့။ တစ်ယောက်တည်း ပေါင် တစ်ထောင်အလှုရှင်ပါပါတယ်။ နောက်တစ်ဦးက မွေးနေ့ဆိုပြီး ပေါင်ငါးရာလှုသွားပါတယ်။ ကိုယ်ကိုတိုင် မတတ်နိုင်ပေမဲ့ လှုနိုင်တဲ့သူတွေအတွက် မုဒိတာပွါးရပါတယ်။ ကိုပေါက်ကြီးကတော့ ပါးစပ်အဟောင်းသားနဲ့ပါ။


ပေါင်သုံးထောင်ဆိုတော့ လက်ရှိပေါက်စျေးနဲ့ဆို သိန်းကိုးဆယ်ပဲထားပါတော့။ ကိုပေါက်အနေနဲ့ ဒီဂဏန်းကသာမန်အခြေအနေမှာဆို အဲ့ဒီလောက် အံ့သြစရာတော့မရှိပါဘူး။ သူလည်း တန်းဝင်ဒါရိုက်တာ တစ်ယောက်ပဲဟာ။ ဒါပေမဲ့ သူတောထဲကနေ ဆိုလာမီးလေးနဲ့ ဟော်လိုဂစ်တာလေး ကိုင်ပြီး သူလိုကိုယ်လိုပဲ တော်လှန်ရေးအတွက်ဆိုပြီး သီချင်းဆိုပြရင်း စကားပြောရင်းနဲ့ ခဏချင်းမှာ ဒီလောက်ဖြစ်သွားတာပါ။

နောက်တော့ သူက ဒီဇာတ်လမ်းလေး ရိုက်ရတဲ့အတွေ့အကြုံလေးကို ရှင်းပြတော့ သူဒီဇာတ်လမ်းလေးကို iPhone Xl pro max နဲ့ပဲရိုက်ခဲ့တာပါတဲ့။ အဲ့ဒီမှာ ဒီဖက်တစ်ယောက်က လှမ်းနောက်ပါတယ် ကိုပေါက်ကို apple ရဲ့ brand ambassador ခန့်မယ်ဆိုတော့ သူကလည်း ရိုးရိုးသားသားပဲ ဒါဆိုရင်တော့ ကျွန်တော့်ကို အခုအသစ်ထွက်တဲ့ iPhone 14 လေးပဲပေးပါတဲ့။

အဲ့ဒီမှာ ကိုပေါက်အတွက် iPhone 14 pro max ဝယ်ပေးကြမယ်ဆိုပြီး ချက်ချင်းထပ်စုကြပါတယ်။ ကိုပေါက်ကြီး ဗီဒီယိုကောလ်ပေါ်မှာ အောက်မေးရိုးကြီး ထပ်ပြုတ်ကျပြန်ပါတယ်။ ဒေါက်တာသက်ကိုကို စပြီး တစ်ရာမတည်လိုက်တာ ထုံးစံအတိုင်း အလုပ်အယက် ဝိုင်းထည့်ပြန်ကြပါတယ်။ ကိုပေါက်အတွက် iPhone 14 pro max ဝယ်ဖို့ ပေါင် ၁၈၀၀ ထပ်ရပါတယ်။

ကဲ… ဒီတော်လှန်ရေး မအောင်ရင် ဘယ်လိုဟာမျိုးအောင်နိုင်မလဲ


ယူကေလို နိုင်ငံမျိုးမှာ လာနေပြီး ရုန်းကန်နေကြတဲ့ မြန်မာလူမျိုးတွေ ဒီအထဲမှာ အလုပ်အကိုင်ကောင်းကောင်း အိုးပိုင်အိမ်ပိုင်နဲ့ ပြောရရင် ယူကေနိုင်ငံသားခံထားပြီးသားတွေအများကြီးပါ။ ဒါပေမဲ့ တောထဲက ဆိုလာမီးအောက်မှာ ပုရစ်သံ ခွေးဟောင်သံ နောက်ခံထားပြီး သီချင်းဆိုပြ နေတဲ့ တစ်ချိန်က နံမည်ကြီး ရုပ်ရှင်ဒါရိုက်တာကြီးကို အားတွေပေးနကြတာ အားရစရာပါ။ တိုင်းပြည်အတွက် ဘဝနဲ့ ရင်းပြီး လုပ်နေတဲ့ သူတစ်ယောက်ကို တတ်နိုင်သလောက် ဝိုင်းပြီး အားပေးနေကြတာပါ။ အဲ့ဒီအခန်းထဲက လူတော်တော်များများက မြန်မာပြည်ဆိုတာ အလည်ပြန်ဖို့လောက်ပါပဲ။ ဒါပေမဲ့သွေးက စကားပြောပါတယ် မရဘူး။

တစ်ဖက်ကလည်း အောင်မြင်တဲ့ ဘဝကြီးနဲ့အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ပြီး တောထဲမှာ တိုင်းပြည် အတွက် အလုပ်လုပ်နဲ့ တဲ့ တော်လှန်ရေးသမားကြီးကလည်း ကြည်နူးလို့။

အပြန်လမ်းမှာ စဥ်းစားမိတာတစ်ခုကတော့ ကိုယ်တွေက အဲ့ဒီလို ဗီဒီယိုကောလေးပြော ပြီးတော့ အေးအေးဆေးဆေးပဲ ကိုယ့်အိမ်ကိုယ့်ယာကိုယ် ပြန်ခဲ့ကြပေမဲ့ ကိုပေါက်တစ်ယောက်ကတော့ တောထဲမှာပဲကျန်ခဲ့ပါတယ်။

ဒီနေ့ လန်ဒန်မာရသွန်လေ လမ်းပေါ်မှာ လူတွေကြိတ်ကြိတ်တိုး စည်ကားလိုပေါ့။ မနက်ကတည်းက တာထွက်ပြီး ၈နာရီကျော်ကြာပြီးချိန်အထိ မလျှော့တဲ့ ဇွဲနဲ့ ပန်းတိုင် ကို လမ်းလျှောက်ဝင်လာသူတွေကို ဘေးဘီဝဲယာကနေ လက်ခုပ်တီးအားပေးနကြတာတွေကို ခဏရပ်ကြည့်မိခဲ့သေးတယ်။


ဪ… ဒီမှာတော့ တစ်ဆောင်းသစ်ပြန်ပြီ။

crd

Leave a Reply

Your email address will not be published.