ပေါက်မြို့နယ် ဇီးပြားရွာ ပျူစခန်းကို စီးနင်းတိုက်ခိုက်ရာ စကစ (၁၇)ယောက်သေ၊
ပျူ (၅၀)ကျော် ဖမ်းမိပြီး စကစ လက်ပါးစေအဖြစ် မလုပ်ရန် ဝန်ခံကတိပြုခိုင်း၊
MFP ၊ အောက်တိုဘာ – ၃
မကွေးတိုင်း ပေါက်မြို့နယ် ဇီးပြားရွာထဲ ပျူစခန်းဖွင့်ကာ ဒေသခံတွေကို အကြမ်းဖက်နည်း ပျူသင်တန်းပေးနေပြီး ပျူသင်တန်း မတက်သူတွေကို ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို မနေ့က နေ့လည်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစနှင့်ပျူ (၁၇)ယောက် သေတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ(၂)ရက် နေ့လည်(၁)နာရီကျော်ကနေ ည(၇)နာရီအထိ ပေါက်မြို့နယ် ဇီးပြားရွာ ပျူးစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စကစ (၁၇)ယောက် သေသလို ပျူသင်တန်းတက်နေသူ (၅၀)ကျော် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
“ပေါက်မြို့နယ် ဇီးပြားရွာတွင် ပျူစောထီး (၉၃)ယောက်ခန့် သင်တန်း ပေးနေသော စခန်းအား စတင် တိုက်ခိုက်ခဲ့ပါသည်။ ဇီးပြားရွာတွင် ပြည်သူဘက်မှ ပူးပေါင်းပါဝင်ကြသူများကို ဖမ်းဆီးသတ်-ဖြတ်ခြင်း၊ အနိုင်ပြုကျင့်ခြင်း၊ ကျေးရွာတွင်း နေထိုင် မခိုင်းခြင်းတို့ အကြိမ်ကြိမ် ပြုလုပ်နေသည်ကို တိုင်ကြားလာ၍ မိမိတို့ မြိုင်ပကဖ ရင်း(၁)အဖွဲ့နှင့် ပေါက်ကျေးရွာ ကာကွယ်ရေး အဖွဲ့များ၊ မြိုင်ကျေးရွာ ကာကွယ်ရေး အဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ရာတွင် အချို့ စခ ရခ ပခ များ ထွက်ပြေးခဲ့ကြပြီး ပျူ၊ ပျူမ (၅၃)ကောင် အရှင် ဖမ်းမိခဲ့ပါသည်။ ပျုများကို ပြည်သူဘက်တော်သားများ အဖြစ် သစ္စာရှိစွာ ရပ်တည်ပေးမည် ဆိုပါက အသက်ကို စောင့်ရှောက်မှု ပေးမည်ဖြစ်ကာ ဆက်လက်၍ စကစ ဒေါက်တိုင်အဖြစ် မရပ်တည်ရန် ဝန်ခံ ဂတိများ ပြုလုပ် ထားရှိပါသည်” လို့ မြိုင် ပကဖ ကဖော်ပြပါတယ်။
အဲ့ဒီ ငါးနာရီကျော်ကြာ တိုက်ခိုက်မှုအတွင်း ကျည်ဆံမျိုးစုံ (၁၇,၀၀၀)ကျော် ကုန်ကျခဲ့ကာ စကစနှင့်ပျူ (၁၇)ယောက် ထက်မနည်း သေတယ်လို့ ဆိုပါတယ်။
“တိုက်ခိုက်မှုတွင် စခ ရခ ပခ (၁၇)ဦးထက်မနည်း သေနိုင်ပြီး ကျေးရွာကိုလည်း ပျူပိုင်ဆိုင်သော နေအိမ်များကို ရွာခံများ ကိုယ်တိုင် ဖျက်၍ ရဲစခန်း သိမ်းပိုက်နိုင်သည်အထိ အခြေအနေ တစ်ရပ် ရှိသော်လည်း တိုက်ပွဲကြာချိန် (၅)နာရီ (၂၂)မိနစ်ကြာလာကာ ခဲယမ်း အားနည်းသဖြင့် မိမိတို့ ပြည်သူ့ ဘက်တော်သားများမှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ပါသည်” လို့ မြိုင် ပကဖ က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ပေါက်မြို့နယ် အပါအဝင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့ကို စီးနင်းပြီး ဒေသခံတွေကို ပျူသင်တန်း တက်ခိုင်းကာ ပျူသင်တန်း မတက်သူတွေကို ညှဉ်းပန်းသတ်ဖြတ်တာ၊ အိမ်မီးရှို့တာ၊ ရွာထဲ မနေနိုင်အောင် အနိုင်ကျင့်တာတွေ လုပ်ဆောင်နေသလို အမျိုးသမီးနှင့် ကလေးငယ်တွေကို ပျူစခန်း လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရုပ်သံကြည့်ရန်???
ခရက်ဒစ်ဗီဒီယို